၁၄. ၁၀. ၂၀၂၅
Written by Hey Mar
အလုပ်သမားကြိုပို့ယာဉ် အရှိန်လွန်ပြီး အလုပ်သွားဖို့ ကားစောင့်နေတဲ့ မြန်မာလုပ်သားတွေကိုဝင်တိုးတိုက်မိလို့ မြန်မာလုပ်သား အမျိုးသားတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေအရေး ဆောင်ရွက်ပေးနေတဲ့ Worker Alliance Group (WAG) ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ထိုင်းနိုင်ငံ၊ ချွန်ပူလီမြို့၊ ဂျက်လစင်ဟွေ့ပါကွန်ဒိုအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘန်ဝ ဒယ်အိုးရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုစိုးလင်းဦး(၃၀)နှစ်ဟာ အလုပ်သွားဖို့အတွက် အဆိုပါကွန်ဒိုအနီးရှိ ဆိုင်မဖွင့်သေးတဲ့ ဖုန်းဆိုင်ရှေ့မှာ ကားစောင့်နေစဉ် အလုပ်သမားတွေကိုလာကြိုတဲ့ နှစ်ထပ်မှန်လုံကားက အရှိန်လွန်ပြီးဝင်တိုက်ခဲ့တာကြောင့် အခင်းဖြစ်နေရာတင် ပွဲချင်းပြီးဆုံးသွားခဲ့တာပါ။ကိုစိုးလင်းဦးနဲ့အတူ တခြားမြန်မာအလုပ်သမား (၃)ဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။
WAG မှ တာဝန်ရှိသူက”ကျွန်တော်တို့အခုသိထားတာတော့ အလုပ်သမားတွေကို ကယ်ဆယ်ရေးတွေက ချွန်ပူလီဆေးရုံ ပို့ထားတယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ ဖြစ်စဉ်နေရာကို သွားနေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ရှိတဲ့နေရာနဲ့ အခင်းဖြစ်တဲ့နေရာက နှစ်နာရီခွဲလောက် မောင်းချိန်ရှိပါတယ်။ အဓိက ကျွန်တော်တို့ကူရတာက ဘာသာစကားပေါ့။ ဒီလို ပြဿနာအခက်အခဲတွေဆို နယ်မြေခံရဲစခန်းနဲ့ ချိတ်ဆက်ကူညီတာမျိုး ဆောင်ရွက်ပေးရတယ်။ နစ်နာမှုတွေ နှစ်ဦးနှစ်ဖက်ကျေနပ်အောင် ရပ်တည်ဆောင်ရွက်ရပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ဆောင်ကာ ဆေးစစ်ချက်ယူ နေပြီး သေဆုံးသူရဲ့အစ်ကိုဖြစ်သူကလည်း သေမှူသေခင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို နားမလည်တာကြောင့် WAG ထံ လာရောက်အကူအညီတောင်းခံလို့ အကူအညီတောင်းတာကို လက်ခံခဲ့ပြီး အခင်းဖြစ်နေရာကို သွားရောက်ဆောင်ရွက်ပေးနေကြောင်းလည်း သိရပါတယ်။
