သတိုး
၁၄. ၁၀. ၂၀၂၅
မြန်မာနိုင်ငံရဲ့ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုပေးသူဖြစ်လာတဲ့ ဘီလျံနာ အီလွန်မတ်စ်ရဲ့ Starlink ကို ကျားဖြန့် အွန်လိုင်းလိမ်လည်မှုစင်တာတွေမှာ အသုံးပြုနေမှုအတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
အမေရိကန်လွှတ်တော်ရဲ့ ဥပဒေပြုအမတ်တွေက အီလွန်မတ်စ်ပိုင် Starlink ဂြိုဟ်တုလုပ်ငန်းဟာ မြန်မာနိုင်ငံက ကျားဖြန့် အွန်လိုင်းလိမ်လည်မှုစင်တာတွေကို အင်တာနက်ဝန်ဆောင်မှု ပေးအပ်ရာမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တာဖြစ်ပြီး ဒီကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာတစ်ဝန်းက သားကောင်တွေဆီက ဒေါ်လာဘီလျံနဲ့ ချီ လိမ်လည်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုဟာ ဖေဖော်ဝါရီလအတွင်းက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းမှု ပြုလုပ်စဉ်ကာလအတွင်း မြန်မာနိုင်ငံက ကျားဖြန့် အွန်လိုင်းလိမ်လည်မှုစင်တာ အမိုးတွေပေါ် Starlink စလောင်းအများအပြား ပေါ်ထွက်လာတာကို Agence France-Presse (AFP) က စုံစမ်းဖော်ထုတ် ပြသပြီးနောက်မှာ ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
Asia Pacific Network Information Centre က အာရှဒေသဆိုင်ရာ အင်တာနက် မှတ်ပုံတင်ဌာနရဲ့ အချက်အလက်တွေအရ Starlink ဟာ မကြာသေးမီအချိန်အတွင်း စစ်ဘေးသင့်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုပေးသူ ဖြစ်လာခဲ့ပါတယ်။
အမေရိကန်လွှတ်တော်ရဲ့ ပူးပေါင်းစီးပွားရေးကော်မတီက သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကော်မတီဟာ အီလွန်မတ်စ်ကို သူတို့ရှေ့မှောက်မှာ သက်သေခံထွက်ဆိုစေဖို့လည်း အာဏာရှိတဲ့ ကော်မတီပါ။
ဒီကော်မတီရဲ့ ဦးဆောင်သူ ဒီမိုကရက်အမတ်ဖြစ်တဲ့ အထက်လွှတ်တော်အမတ် မက်ဂီ ဟက်ဆန်က မတ်စ်ကို ကျားဖြန့် အွန်လိုင်းလိမ်လည်မှုစင်တာများတွေမှာ ပေးထားတဲ့ Starlink ဝန်ဆောင်မှုကို ဖြတ်တောက်ဖို့ တောင်းဆိုခဲ့ပါတယ်။
“လူအများစုက လိမ်လည်တဲ့ စာတိုတွေ၊ ဖုန်းခေါ်ဆိုမှုတွေနဲ့ အီးမေးလ်တွေ ပိုများလာတာကို သတိထားမိကြပေမဲ့၊ ကမ္ဘာတစ်ဝက်ကျော်က နိုင်ငံဖြတ်ကျော် ရာဇ၀တ်သားတွေဟာ Starlink အင်တာနက်သုံးပြီး ဒီလိမ်လည်မှုတွေကို ကျူးလွန်နေတယ်ဆိုတာ သူတို့မသိကြဘူး”လို့ မက်ဂီက ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေမှာ လူပေါင်း ၁၂၀,၀၀၀ ခန့်ကို အွန်လိုင်းလိမ်လည်မှုတွေ ပြုလုပ်ဖို့ အဓမ္မစေခိုင်းခံနေရတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး SpaceX နဲ့ Tesla ကုမ္ပဏီတို့ရဲ့ ပိုင်ရှင်ဖြစ်သူ အီလွန်မတ်စ်က တစ်စုံတစ်ရာ မှတ်ချက်ပေးမှုတော့ မရှိသေးပါဘူး။
Ref, thenews
