၁၂. ၁၀. ၂၀၂၅
Written by Thettant
နာမည်ကျော် အနုပညာရှင်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအတွင်းရေးများကို လူမှုကွန်ရက်တွင် ပြောဆိုရာမှ လူသိများသူ ဖြစ်လာသည့် သမီးဆိုး (ခ) သက်ကိုကိုဆိုသူအမျိုးသမီးတစ်ဦးကို ယနေ့ ဖမ်းဆီးလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

လူမှုကွန်ရက်တွင် ပေါ်ထွက်နေသော သတင်းများနှင့် တပ်မတော်နှင့် နီးစပ်သည့် သတင်းဌာနအချို့ ဖော်ပြမှုများအရ သမီးဆိုး (ခ) သက်ကိုကို ဆိုသူ အမျိုးသမီးကို တိုင်ကြားခဲ့သူမှာ ဒေါ်အေသင်ကိုဆိုသူ အမျိုးသမီးဖြစ်ပြီး တိုင်ကြားစာတွင် သမီးဆိုး (ခ) သက်ကိုကိုက ထင်ရှားလူသိများသူများနှင့် နိုင်ငံတော်အကြီးအကဲများကို ဝေဖန်ပြစ်တင်ပြောဆိုခဲ့သည့် စကားများ၊ တပ်မတော်သားများကို ပြောဆိုခဲ့သောစကားများဖြင့် တိုင်ကြား ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ကနဦးစုံစမ်းမှုများအရ သမီးဆိုး (ခ) သက်ကိုကိုသည် အမေရိကန်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေရာမှ ဒေါ်အေသင်ကိုက လူမှုကွန်ရက်အပေါ် သမီးဆိုး (ခ) သက်ကိုကိုက သူမမိသားစုအပေါ် ပြောဆိုခဲ့သည်များအတွက် တွေ့ဆုံဖြေရှင်းရန်တောင်းဆိုမှု၊ အမှုဖွင့်လိုက်မှုများကြောင့် ပြည်ပသို့ ပြန်လည် ထွက်ခွာရန် ရန်ကုန်လေဆိပ်သို့ရောက်လာချိန် ထိန်းသိမ်းလိုက်သည်ဟုလည်း သိရသည်။

အဆိုပါအမှုဖြစ်စဥ်ကို ဒေါ်အေသင်ကို၏ Follower များက ဒေါ်အေသင်ကို ကို Tag တွဲကာ ပို့စ်များတင်ခြင်း၊ ဒေါ်အေသင်ကို ကိုယ်တိုင်က “လက်မြှောက် မိပြီ လက်မြှောက်”ဟု ရေးထားသောပို့စ်ကို မျှဝေကာ ထိုပို့စ်အောက် သမီးဆိုးဖမ်းမိသည်နှင့် ပတ်သက်သောမှတ်ချက်များ ရေးသားနေကြသည်ကို တွေ့ရသည်။ အမှန်တကယ်ထိန်းသိမ်းခံထားရမှု ရှိမရှိကို သမီးဆိုး (ခ) သက်ကိုကိုနှင့် တာဝန်ရှိသူများထံ အတည်ပြုနေပြီး ထပ်မံ သိရှိရသည်များ ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
ပုံစာ။ လူမှုကွန်ရက်ပေါ် ထွက်ပေါ်နေသော သတင်းများနှင့် ဒေါ်အေသင်ကိုဆိုသူ၏ ပို့စ်ကို တွေ့ရစဥ်။
