၁၂.၁၀.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရက်သတ္တပတ်တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ရဟတ်ယာဉ်တစ်စီးက ဟန်တင်တန်ကမ်းခြေ ၌ အောက်တိုဘာလ ၁၁ ရက်မွန်းလွဲပိုင်းက ပျက်ကျခဲ့ကြောင်း သိရသည်။
လူငါးဦးလိုက်ပါလာသော ရဟတ်ယာဉ်က ကမ်းခြေပေါ်မှ ဖြတ်၍ ပျံသန်းလာစဉ် Hyatt Regency ဟိုတယ်ရှေ့၌ ရုတ်တရက်ချာလပတ်လည်ကာ ထိန်းသိမ်းမရဖြစ်ပြီး အောက်သို့ကျလာခဲ့ခြင်းဟု ဆိုသည်။ ကံကောင်းထောက်မစွာဖြင့် ရဟတ်ယာဉ်ကမြေပြင် (သို့မဟုတ်) အဆောက်အအုံတစ်ခုပေါ်သို့ ပျက်ကျ ရိုက်ခတ်မိခြင်းမရှိဘဲ ရှုပ်ထွေးနေသော အုန်းပင်များကြားသို့ပြုတ်ကျကာ အုန်းပင်များ အကြားတွင် တွဲလောင်းဆွဲချိတ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

ရဟတ်ယာဉ်ပျက်မှာ အုန်းပင်များအတွင်း ကျပ်ညပ်နေကာ မြေပြင်နှင့် ပြင်းထန်စွာရိုက်ခတ်မိခြင်း မရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိကြရသည်။ ရဟတ်ယာဉ်ပျက်ကျသောနေရာက ပစိဖိတ်ကမ်းခြေအဝေးပြေး လမ်းမကြီးတစ်လျှောက် လမ်းဆုံတစ်ခုအနီး၌ပင်ဖြစ်ကြောင်းလည်း သိရသည်။
အွန်လိုင်းပေါ်ရှိ ဗီဒီယိုများအရလည်း ရဟတ်ယာဉ်က ဟန်တင်တန် ကမ်းခြေပေါ်၌ နာရီလက်တံ ရွေ့လျားမှုအတိုင်း ကောင်းကင်တွင် ပတ်ချာလှည့်နေရာမှ အောက်ဘက်ဆီသို့ ကျလာခဲ့ရာ အုန်းပင်များနှင့် လှေကားအုံတစ်ခုအကြားညပ်နေသည်ကို တွေ့ကြရသည်။
ဟန်တင်တန် ကမ်းခြေ ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူများအနက် နှစ်ဦးကို ရဟတ်ယာဉ်ပျက်အတွင်းမှ ဆွဲထုတ်ကယ်ဆယ်ခဲ့ရပြီး ကျန်သုံးဦးမှာ လမ်းပေါ်တွင် ဒဏ်ရာများနှင့် လွင့်စင်ကျနေခဲ့ ကြောင်း ပြောခဲ့သည်။ ၎င်းတို့ ငါးဦးစလုံးကို ဆေးရုံသို့ ပို့ပေးခဲ့ရကြောင်း သိရသော်လည်း ၎င်းတို့၏ အခြေအနေများကိုမူ မသိရသေးပေ။
ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုလည်း ရှင်းလင်းစွာ မသိရသေးဟုဆိုသည်။
Ref- AP
