၁၂. ၁၀. ၂၀၂၅
Translated by Thettant
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဆူဖန်ဘူရီခရိုင်၊ ဘန်ပလာမာဒေသရှိ အဝေးပြေးရဲတပ်ဖွဲ့ဝင်များသည် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးကို ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းသည် ဗီယက်နမ်သို့ နေရပ်ပြန်ရန် ကြိုးစားနေသည့် ဗီယက်နမ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
မျိုးရိုးအမည်မပါသော မစ္စတာ တာ (Mr. Ta) က ၎င်းသည် ဘန်ကောက်အနီးရှိ နွန်ထဘူရီခရိုင်မှ လမ်းလျှောက်လာခြင်းဖြစ်ကြောင်း အရာရှိများကို ပြောပြခဲ့သည်။
၎င်းသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က အလုပ်ရှာရန် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်းနှင့် သင့်လျော်သော စာရွက်စာတမ်းများ လုံးဝမရရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်အတွင်း ထိုင်းစကား ပြောတတ်လာခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ထိုင်း- ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုများကြောင့် မည်သူကမျှ အလုပ်မခန့်သဖြင့် ၎င်းသည် အလုပ်အကိုင်ရှာမရ ဖြစ်ခဲ့သည်။ အလွန်အမင်း စိတ်ပျက်အားငယ်လာသည့်အခါ အမိနိုင်ငံဖြစ်သော ဗီယက်နမ်သို့ လမ်းလျှောက်ပြန်ရန် ဆုံးဖြတ်ခဲ့ပြီး “မိမိနိုင်ငံမှာပဲ သေချင်တော့တယ်” ဟု ထွက်ဆိုခဲ့သည်။ ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်မှ ဗီယက်နမ်သည် ၆၃၇ မိုင်ခန့် ကွာဝေးသည်။
ရဲတပ်ဖွဲ့က ၎င်းအား အစားအသောက်နှင့် ရေ ပေးခဲ့ပြီးနောက် တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ခဲ့သည်။ ၎င်းကို လုပ်ငန်းစဉ်များ ဆောင်ရွက်ကာ နေရပ်ပြန်ပို့ရန်အတွက် ဘန်ပလာမာရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

