◾️ စုံစမ်းမေးမြန်းသတင်းပေးပို့ခြင်း မဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် ဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ဖုန်းဆင်းကတ်များ ပိတ်သိမ်းသွားမည်
၁၁. ၁၀. ၂၀၂၅
Written by Nyein Kyaw
အများပြည်သူများ မဲစာရင်းဆိုင်ရာကိစ္စရပ်များ စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်ရန် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ခွဲ အသီးသီး၏ Call Centre များကို ဖွင့်လှစ်ထားရှိပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ယနေ့တွင် အသိပေးကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲစာရင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများက သိရှိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ရန်နှင့် ကြုံတွေ့ရသည့် အခက်အခဲများကို သတင်းပို့နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက တာဝန်ခံဖြေကြားပေးမည့် Call Centre များကို ဖွင့်လှစ်ထားကြောင်း အသိပေးထားသည်။
ယင်းကဲ့သို့ တိုင်ကြားနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (နေပြည်တော်) ၏ Call Centre ဖုန်းများအဖြစ် ၀၆၇-၃၄၀၄၃၀၂၊ ၀၆၇-၃၄၀၄၃၀၃၊ ၀၆၇-၃၄၀၄၃၀၄၊ ၀၉-၂၅၂၁၁၆၉၉၆ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ၀၉-၂၅၂၁၁၆၉၉၆ သို့လည်း မိုဘိုင်းဖုန်းမှစာတို (SMS) ပေးပို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ခွဲအသီးသီးသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် မိုဘိုင်းဖုန်းမှစာတို (SMS) ပေးပို့တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကိုပါ ပူးတွဲကြေညာပေးထားသည်။
စုံစမ်းမေးမြန်းခြင်း၊ သတင်းပေးပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေးဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
