၁၁. ၁၀. ၂၀၂၅
Translated by Thettant
ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်း (Greenland) နှင့် အာတိတ်ဒေသ (Arctic)၊ မြောက်အတ္တလန္တိတ် (North Atlantic) ဒေသများ၏ လုံခြုံရေးကို မြှင့်တင်ရန်အတွက် မူလ ကာကွယ်ရေးအသုံးစရိတ်အပေါ် အပိုဆောင်းအဖြစ် ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ (ပေါင် ၃ ဒသမ ၂ ဘီလျံ) ကို ထပ်မံသုံးစွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုမှ F-35 တိုက်လေယာဉ် ၁၆ စီး ထပ်မံဝယ်ယူရန် ဒေါ်လာ ၄.၅ ဘီလီယံ သုံးစွဲမည်ဖြစ်ရာ၊ ၎င်းတို့၏ စုစုပေါင်း အဆင့်မြင့်လေယာဉ်ပိုင်ဆိုင်မှုသည် ၄၃ စီး အထိ ရှိလာမည်ဖြစ်သည်။
“ဒီ… သဘောတူညီချက်နဲ့အတူ ဒိန်းမတ်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဒေသတွင်း စွမ်းရည်တွေကို ကျွန်တော်တို့ သိသိသာသာ အားကောင်းလာအောင် လုပ်ဆောင်နိုင်မှာပါ” ဟု ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က သောကြာနေ့တွင် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ဤကာကွယ်ရေး အားဖြည့်မှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့် (Donald Trump) က ဒိန်းမတ်၏ အချုပ်အခြာအာဏာအောက်ရှိ ကျယ်ပြန့်သော အာတိတ်ကျွန်းကြီးဖြစ်သည့် ဂရင်းလန်းကို အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးလုံခြုံရေးအတွက် အရေးပါသည့် ကျွန်းကြီးဖြစ်သည် ဟု ပြောကြားကာ ရယူလိုကြောင်း ထပ်တလဲလဲ ဖော်ပြခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့အပြင် အာတိတ်ဒေသအပေါ် ရုရှားနှင့် တရုတ်တို့၏ မျက်စိကျလာမှုကလည်း ဒိန်းမတ်ကို စိုးရိမ်စေခဲ့သဖြင့် ဒိန်းမတ်သည် ဤကာကွယ်ရေး အစီအစဉ်သစ်ကို ဂရင်းလန်းနှင့် ဖရိုးကျွန်းစု (Faroe Islands) အစိုးရများဖြင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတွက် ဒိန်းမတ်သည် အာတိတ်သင်္ဘောသစ် (၂) စီး၊ ရေကြောင်းကင်းလှည့်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ (Drones) နှင့်၊ ကြိုတင် သတိပေးရေး ရေဒါ (Early Warning Radar) များကို ဝယ်ယူမည်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဂရင်းလန်းနိုင်ငံ၏ မြို့တော် နူးခ် (Nuuk) ၌ အာတိတ် စစ်ဌာနချုပ်အသစ် (Arctic Command Headquarters) ကို ဖွဲ့စည်းမည်ဖြစ်ပြီး၊ ဂရင်းလန်းရှိ ပူးပေါင်းအာတိတ်ကွပ်ကဲရေး ဌာနချုပ် (Joint Arctic Command) အောက်တွင် စစ်ရေးယူနစ်အသစ်တစ်ခုကိုလည်း ထားရှိမည်ဖြစ်သည်။
“လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တာဝန်က နိုင်ငံတော်တစ်ဝန်း လုံခြုံရေးကို အာမခံဖို့ပဲဖြစ်ပါတယ်။ လိုအပ်လာရင်တော့ နေတိုး (Nato) ရဲ့ မူဘောင်အတွင်းမှာ မြေ၊ လေ၊ ရေ အာကာသအပါအဝင် နယ်ပယ်အားလုံးကနေ ဂရင်းလန်း၊ ဖရိုးကျွန်းစုနဲ့ ဒိန်းမတ်တို့ကို ကာကွယ်ဖို့ပါပဲ” ဟု ဒိန်းမတ် ကာကွယ်ရေးဦးစီးချုပ် Michael Hyldgaard က ဖြစ်နိုင်ခြေရှိသော ရန်သူများကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ဒိန်းမတ်ပြည်သူ့ထုတ်လွှင့်မှုဌာန DR ကို ပြောကြားခဲ့သည်။
ထို့အပြင် ဂရင်းလန်းနှင့် ဒိန်းမတ်ကို ဆက်သွယ်မည့် Undersea Cable အတွက်လည်း ရန်ပုံငွေ ထောက်ပံ့မည်ဖြစ်သည်။
ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တားဆီးကာကွယ်ခြင်းနှင့် နေတိုး၏ တာဝန်ဝတ္တရားများ ကို ပြောကြားထားသော်လည်း ဖြစ်နိုင်ခြေရှိသော ရန်သူမှာ အမေရိကန် သို့မဟုတ် ရုရှားဖြစ်ကြောင်းကိုမူ တိုက်ရိုက်ဖော်ပြထားခြင်း မရှိပေ။
သို့သော် ဤအားဖြည့်မှုအားလုံးသည် လုံခြုံရေးအကြောင်းပြချက်များနှင့် ကြီးမားသော သယံဇာတအရင်းအမြစ်များကြောင့် ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ပြောဆိုခဲ့သော သမ္မတ ထရမ့်ပ်၏ ရည်ရွယ်ချက်များ အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရမယ်လို့ ထင်ပါတယ်” ဟု ထရမ့်ပ်က ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဂရင်းလန်းကို ရည်ညွှန်းပြောကြားခဲ့ပြီး၊ ကျွန်းပေါ်ရှိ ဒေသခံ ၅၇,၀၀၀ သည်လည်း “ကျွန်တော်တို့နဲ့ ပူးပေါင်းချင်နေကြတာ” ဟု ပြောခဲ့သည်။
ဂရင်းလန်းသည် စစ်အေးခေတ် (Cold War) ကတည်းက အမေရိကန်ရေဒါစခန်းတစ်ခု တည်ရှိရာနေရာဖြစ်ပြီး ဝါရှင်တန်အတွက် မဟာဗျူဟာအရ အရေးပါခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထိုကျွန်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျယ်ပြန့်စွာ ရရှိထားသော်လည်း ဒိန်းမတ်နိုင်ငံ၏ ဘုရင့်နိုင်ငံတော် (kingdom of Denmark) ၏ အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေသည်။ ထို့အပြင် တရုတ်နှင့် ရုရှားသင်္ဘောများကို စောင့်ကြည့်ရန် စစ်ရေးကြိုးပမ်းမှုများအတွက် ယင်းကျွန်းသည် အရေးပါကြောင်းနှင့် ထိုသင်္ဘောများမှာလည်း “နေရာအနှံ့အပြား” ၌ ရှိနေကြောင်း ထရမ့်က အကြံပြုပြောဆိုခဲ့သည်။
ဂရင်းလန်းသည် မြောက်အမေရိကမှ ဥရောပသို့ အတိုဆုံးလမ်းကြောင်းပေါ်တွင် တည်ရှိသောကြောင့် အမေရိကန်အတွက် မဟာဗျူဟာအရ အရေးကြီးသည်။ အမေရိကန်၏ ကြီးမားသော အာကာသစခန်း (Space facility) တစ်ခုလည်း ထိုနေရာ၌ တည်ရှိသည်။ ၎င်းသည် မြောက်အမေရိကနှင့် ရုရှားကြား မဟာဗျူဟာမြောက် တည်နေရာတွင်လည်း ရှိနေသည်။ မကြာသေးမီနှစ်များအတွင်း ရှားပါးမြေရှားသတ္တု (rare earth minerals)၊ ယူရေနီယမ်နှင့် သံသတ္တုများ တူးဖော်ခြင်းအပါအဝင် ဂရင်းလန်း၏ သဘာဝသယံဇာတများကို စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။
Ref, AOL
