၁၁. ၁၀. ၂၀၂၅
Written by Nay Moe
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်ညတွင် အညာဒေသရှိ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာ၌ PDF များနှင့် ဒေသခံ သပိတ်တပ်များက ဗုဒ္ဓဘာသာယဥ်ကျေးမှုနှင့် သွေဖည်သော ဆန္ဒပြဆီမီးသပိတ် ပြုလုပ်နေစဥ် အဆိုပါ ဆီမီးသပိတ်အတွင်းမှပင် အကြမ်းဖက်မှု မလိုလားသော ပြည်သူတစ်ဦးသတင်းပေးမှုအရ ဗုံးကြဲတိုက်ခိုက်ချိန် ဒဏ်ရာရခဲ့သော ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ စစ်ဒေသ (၃) တာဝန်ခံ ရဲဘော် ဘုန်းမြင့်ဇော် (ခ) ရဲဘော် တည်ကြည်မှာ သုံးရက်အကြာတွင် ရရှိဒဏ်ရာဖြင့် သေဆုံးသည့်အတွက် ကျန်ရစ်ရုပ်အလောင်းကို ယမန်နေ့က မီးရှို့လိုက်သည်ဟု BLDF က ယနေ့ထုတ်ပြန်သည်။

အဆိုပါ ဆီမီးသပိတ်ကို ထိုနေ့ ည (၇:၃၀) နာရီဝန်းကျင်ခန့်တွင် ပါရာမော်တာ စက်တပ်လေထီးဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆန္ဒပြ PDF များနှင့် ယင်းတို့ ခိုင်းစေခံ (၂၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများတွင် အပြင်းအထန် ဒဏ်ရာရသူများလည်းရှိပြီး ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့်နောက်ဆက်တွဲ သေဆုံးမှုများလည်း ရှိလာနေသည်။

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၏ စစ်ဒေသ(၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်သည်လည်း အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး အောက်တိုဘာလ (၉) ရက်နေ့၊ နံနက် (၃) နာရီအချိန်တွင် သေဆုံးသွားသည်။
ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်၏ အသုဘအခမ်းအနားကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ တော်လှန်ရေးဒေသ တစ်နေရာတွင် အောက်တိုဘာလ (၁၀) ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ အသုဘအခမ်းအနားသို့ BLDF ဗဟိုကော်မတီဝင်များ၊ BLDF ဌာနအသီးသီးနှင့် စစ်ဒေသအသီးသီးမှ ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ တော်လှန် သပိတ်အင်အားစုများ၊ CDM များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)များ အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရဲဘော်များအပါအဝင် ပြည်သူလူထုမှ BLDF စစ်ဒေသ (၃) တာဝန်ခံ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်၏ အလောင်းမီးရှို့ရာနေရာကို လိုက်ပါ ပို့ဆောင်ခဲ့ကြသည်ဟု BLDF က ပြောသည်။
