◾ စီးပွားရေးအင်အားကြီးနိုင်ငံနှစ်နိုင်ငံမှ စတင်ဖွယ်ရှိသည့် ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲက ပြန်လည် အသက်ဝင်လာပြန်ပြီလော
၁၁.၁၀.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က တရုတ်ပြည်သူသမ္မတနိုင်ငံအပေါ် စတင်အသက်ဝင်ပြီးဖြစ်တဲ့ ကုန်သွယ်စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်းအပြင် သူ့အနေနဲ့ နောက်တပ် စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့ပြဌာန်းမှာဖြစ်လို့ တရုတ်နိုင်ငံ မှကုန်ပစ္စည်းတွေအပေါ် စုစုပေါင်း ကုန်သွယ်စည်းကြပ်ခွန် ၁၃၀ ရာခိုင်နှုန်းကို နိုဝင်ဘာ ၁ ရက် ဒါမှမဟုတ် သိပ်မကြာခင်မှာ ထပ်မံတိုးကောက်မယ်လို့ အောက်တိုဘာလ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။
အဆိုပါ ခြိမ်းခြောက်မှုက ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတိုက်ခိုက်မှုတွေက လအတန်ကြာ အပစ်အခတ်ရပ်စဲပြီးနောက်မှာ ထပ်မံအရှိန်တိုးမြင့်လာတာလို့လည်း ဆိုရမှာပါ။
“အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံက လက်ရှိပေးဆောင်နေသည့် မည်သည့်အခွန်စည်းကြပ်မှုထက်မဆိုသာလွန်၍ ကုန်သွယ်စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်း ထပ်မံ စည်းကြပ်မည်” ဟု ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ အောက်တိုဘာလ ၁၀ ရက် မွန်းလွဲပိုင်းမှာ ရေးသားခဲ့ပါတယ်။ “နိုဝင်ဘာလ ၁ ရက်မှာလည်း ကျွန်ုပ်တို့သည် အရေးကြီးသောဆော့ဖ်ဝဲလ်များအားလုံးတွင် တင်ပို့မှုထိန်းချုပ်မှုတွေကို ချမှတ်မည်။” လို့ ထရမ့်ပ်က ဆက်လက် ရေးခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ကြေညာချက်ဟာ အီလက်ထရွန်းနစ်ပစ္စည်းအများအပြားထုတ်လုပ်ဖို့ လိုအပ်တဲ့ မြေရှားသတ္တု တွေအပေါ် တရုတ်အစိုးရက ပို့ကုန်ထိန်းချုပ်မှုတွေနဲ့ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။ ရလဒ်အနေနဲ့ တော့ ထရမ့်ပ်ဟာ အောက်တိုဘာလလနှောင်းပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ တောင်ကိုရီးယားမှာ တွေ့ဖို့စီစဉ်ထားမှုက ရပ်ဆိုင်းဖို့ ဖြစ်ပေါ်လာရတော့မှာပါ။

ထရမ့်ပ် အနေနဲ့ သူ့ရဲ့ခြိမ်းခြောက်မှုတွေအတိုင်း အမြဲလုပ်လေ့မရှိပေမယ့် တရုတ်ပစ္စည်းတွေအပေါ် ကြီးမားတဲ့ အခွန်စည်းကြပ်မှုအသစ်တွေကောက်ခံမယ်လို့ Truth Social ပို့စ်မှတစ်ဆင့် အောက်တိုဘာလ ၁၀ ရက်မှာ ပေးပို့တဲ့ ထရမ့်ပ်ရဲ့ ကနဦး ခြိမ်းခြောက်တဲ့ သတင်းစကားက ရင်းနှီးမြှုပ်နှံသူတွေ၊ စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ စိုးရိမ်စရာအကြောင်းဖြစ်ခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်တို့က ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံ ဖြစ်တာနဲ့အညီ လက်တွေ့မှာ အပြန်အ လှန် မှီခိုနေကြရတာပါ။ မက္ကဆီကိုနိုင်ငံကို မကြာသေးမီကမှ တရုတ်နိုင်ငံအစား အမေရိကန်ကို နိုင်ငံခြားကုန်စည် ထိပ်တန်းရင်းမြစ်တင်ပို့တဲ့နိုင်ငံအဖြစ် အစားထိုးခဲ့ပေမယ့် အမေရိကန်ဟာ ဒေါ်လာ ဘီလျံ ရာနှင့်ချီသော ကုန်ပစ္စည်းတွေအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရဆဲပါ။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ အမေရိကန်အတွက် ထိပ်တန်းပို့ကုန်ဈေးကွက်တစ်ခုဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း အီလက်ထရွန်းနစ်၊ အဝတ်အထည်နဲ့ ပရိဘောဂတွေကို အဓိက အားဖြင့် တရုတ်နိုင်ငံမှ လက်ခံရရှိတာပါ။ ထရမ့်ပ်ဟာ ကုမ္ပဏီအမှုဆောင်ချုပ်တွေ၊ အထူးသဖြင့် နည်း ပညာ ဆိုင်ရာ ကုမ္ပဏီတွေကို အမေရိကန်သို့ ရွှေ့ပြောင်းရန် တွန်းအားပေးခဲ့တာပါ။ ဒါပေမယ့် စီးပွားရေးခေါင်းဆောင်တွေဟာ သူတို့ရဲ့ထုတ်ကုန်တွေ ပင်လယ်ရပ်ခြားမှာပဲဆက်လက်ထုတ်နေကြဆဲပါ။
အမေရိကန်နဲ့တရုတ်တိုက ကုန်သွယ်စည်းကြပ်ခွန်တွေ အပြန်အလှန်မြှင့်တင်မှုကို မေလထဲက နှစ်ဖက် တာဝန်ရှိသူတွေတွေ့ဆုံပြီး အပြန်အလှန် လျှော့ချဖို့သဘောတူခဲ့ကြတာပါ။ ဒါကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ အပြန်အလှန် မှီခိုမှုကို ထပ်မံဖြစ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံက အမေရိကန် ပို့ကုန်တွေအပေါ် စည်းကြပ်ခွန် ၁၂၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး အမေရိကန်က ၁၄၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို လျှော့ချခဲ့ကြတာပါ။
သူတို့နှစ်နိုင်ငံအဖို့ အထက်မှာဆိုခဲ့သလို ကုန်သွယ်ရေးမှာ အပြန်အလှန်မှီခိုနေကြရတာမို့ နှစ်နိုင်ငံ ကုန်သွယ်ရေးစစ်ပွဲဖြစ်တဲ့အထိ အပြန်အလှန် ကုန်သွယ်တိုက်ခိုက်မှုတွေ လုပ်ကြမယ်မထင်ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒါကြောင့်လည်း ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုက တရုတ်နိုင်ငံရဲ့ မြေရှား သံလိုက်တွေ ထောက်ပံ့မှု တိုးမြင့်လာစေဖို့သာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။
Ref-CNN
