သတိုး
၁၀. ၁၀. ၂၀၂၅
အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (US Geological Survey) ၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ဘက် ကမ်းလွန်ပင်လယ်ပြင်၌ ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက အသက်အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။
USGS ၏ အဆိုအရ ငလျင်သည် မင်ဒါနာအိုကျွန်း၏ အရှေ့ဘက်ခြမ်း၊ ထိုကျွန်း၏ မြို့တော် ဒါဗိုမှ ၁၂၃ ကီလိုမီတာ (၇၉ မိုင်) ခန့်အကွာတွင် မြေအောက် အနက် ၅၈ ဒသမ ၁ ကီလိုမီတာ (၃၆ မိုင်) ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပျက်စီးဆုံးရှုံးမှု သတင်းများ ချက်ချင်းမရရှိသေးပါ။
ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ဗေဒဌာန (Phivolcs) က အဆိုပါငလျင်သည် အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် ၉ နာရီ ၄၃ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်းနှင့် ဖျက်ဆီးတိုက်ခိုက်နိုင်သော ဆူနာမီသည် အသက်အန္တရာယ်ရှိသော လှိုင်းအမြင့်များနှင့် ဖြစ်ပေါ်လာရန် မျှော်လင့်ရသည်ဟု ပြောကြားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်နှင့် တောင်ဘက်ကမ်းရိုးတန်းဒေသများရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးခဲ့သည်။
ထို့အပြင် Phivolcs က ငလျင်၏ ပြင်းအားကို ၇ ဒသမ ၆ အဆင့်ဟုပင် သတ်မှတ်ခဲ့သည်။
အမေရိကန် ဆူနာမီ သတိပေးရေးစနစ်က ဖိလစ်ပိုင်နိုင်ငံ၏ အချို့နေရာများတွင် လှိုင်းအမြင့် ၁-၃ မီတာအထိ ဖြစ်နိုင်ကြောင်း သတိပေးထားပြီး အင်ဒိုနီးရှား၏ ကမ်းရိုးတန်းအချို့နှင့် ပါလောင်းကျွန်းနိုင်ငံတို့တွင်မူ လှိုင်းအမြင့် ၃၀ စင်တီမီတာမှ ၁ မီတာအထိ မြင်တွေ့ရနိုင်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ မိုင် ၂၅,၀၀၀ (ကီလိုမီတာ ၄၀,၀၀၀) ရှည်လျားသော ငလျင်ကြောများ၏ မီးကွင်း (Ring of Fire) ပေါ်တွင် တည်ရှိပြီး ကမ္ဘာ့မီးတောင်ဝက်ကျော်၏ နေရာဖြစ်ကာ ပြင်းထန်သော ငလျင်များကို ပုံမှန်ကြုံတွေ့ရလေ့ရှိသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကလည်း ကမ်းရိုးတန်းဒေသ ပြည်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် တောင်းဆိုလိုက်ပြီးအန္တရာယ်ကင်းသည်နှင့်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဖြန့်ကျက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက Facebook တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဘေးကင်းကြောင်း အာဏာပိုင်များက မကြေညာမချင်း ကမ်းစပ်နှင့် ဝေးဝေးနေရန် ရေဘေးသင့်ဒေသရှိ ပြည်သူအားလုံးကို ၎င်းက တိုက်တွန်းထားပြီး “လိုအပ်နေတဲ့လူတိုင်းကို အကူအညီပေးဖို့ သေချာအောင် ကျွန်တော်တို့ အချိန်နဲ့အမျှ လုပ်ဆောင်နေပါတယ်” ဟု ဆိုခဲ့သည်။
ထို့အတူ ပထမဦးဆုံးရောက်လာမည့် ဆူနာမီလှိုင်းလုံးများသည် နံနက် ၁၁ နာရီ ၄၃ မိနစ်တွင် ရောက်ရှိလာမည်ဟု အာဏာပိုင်တို့က ခန့်မှန်းခဲ့ပြီး လှိုင်းလုံးများအမြင့်က ဆယ်ပေအထက်ရှိနိုင်သည်ဟု ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ခန့်မှန်းခဲ့သည်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့စပြုလာသော ပုံရိပ်များတွင် လူအများ၏ ကြောက်လန့်တကြားပုံရိပ်များ၊ ပြိုပျက်မှုများ တွေ့ရသော်လည်း ကနဦးသတင်းမျှသာ သိရှိရသေးပြီး ထပ်မံသိရှိရသည်များ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
Ref, CNN , BBC





