◾️ ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု စုစုပေါင်း ၁၆ ကြိမ်ရှိပြီး ကာလတန်ဖိုးငွေကျပ် ၁,၂၃၃ ဘီလျံကျော်အထိရှိ
◾️ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ လုံခြုံရေးဆောင်ရွက်နေချိန် မူးယစ်ဆေးဝါးဖြန့်ဖြူးမှုကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် AA လွှမ်းမိုးနယ်မြေများတွင် ၎င်းတို့ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများကို မူးယစ်ဆေးဝါး အတားအစီးမရှိ တင်သွင်းတင်ပို့နေဟုပါ ပြောကြား
၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
AA အကြမ်းဖက်အဖွဲ့၏ မူးယစ်ဆေးဝါး သယ်ယူ၊ ပို့ဆောင်၊ ရောင်းချခြင်းလုပ်ငန်းများကို ခေါင်းဆောင် ထွန်းမြတ်နိုင်ကိုယ်တိုင် တာဝန်ပေးစေခိုင်းနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်သဖွယ်ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“AA အကြမ်းဖက်သောင်းကျန်းသူများ ဦးစီးလုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းချနေတဲ့ လုပ်ငန်းတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများ အတွက်ပါ အန္တရာယ်သဖွယ်ဖြစ်ပေါ်လျက်ရှိပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်အရင်ကလည်း ပြောပြီးဖြစ်ပါတယ်။ အခုလည်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ရဲ့ ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်ဖြန့်ဖြူးရောင်းချမယ့် ငွေကျပ် ၁၉၉ ဒသမ ၈၅ ဘီလျံတန်ဖိုးရှိတဲ့ အိုက်စ် ၃၄၃၈ ကီလိုဂရမ်နဲ့ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်က ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ၂၀၁၃ ခုနှစ်ခန့်ကတည်းက စတင်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချမှုများကို နည်းလမ်းမျိုးစုံနှင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ထုတ်ပိုးမှုပုံစံမျိုးစုံနှင့် သယ်ဆောင်ရာမှာလည်း ဆီ Boxer ကားကို အံခွက်လုပ်ပြီး သယ်ဆောင်သည့်အထိ လုပ်ဆောင်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးဝါးကို အဓိက ကုန်ကူးရောင်းချနိုင်ရန်အတွက် ပမာဏနည်းနည်းမှစပြီး ကြီးမားသည့်ပမာဏအထိ သယ်ဆောင်နေခြင်းကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်ကိုယ်တိုင်က တာဝန်ပေးစေခိုင်းတဲ့အတွက် ဒီမူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေကို လုပ်နေရတာဖြစ်ကြောင်းကို ဖမ်းဆီးရမိတဲ့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်တွေက ထွက်ဆိုချက်တွေမှာ တွေ့နိုင်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ၂၀၁၅ ခုနှစ်မှာတစ်ကြိမ်ဖမ်းမိခဲ့တဲ့ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၅ ဘီလျံခန့်နဲ့ ၂၀၁၉ ခုနှစ်မှာ လေးကြိမ် ကာလတန်ဖိုးငွေကျပ် ၅၉ ဘီလျံခန့်၊ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀ ဘီလျံ၊ ၂၀၂၃ ခုနှစ်မှာတစ်ကြိမ် ကာတန်ဖိုးငွေကျပ် ၁၅၅ ဒသမ ၈၇ ဘီလျံ၊ ၂၀၂၄ ခုနှစ်မှာ နှစ်ကြိမ် ကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂၂ ဘီလျံခန့်နဲ့ ယခု ၂၀၂၅ ခုနှစ်အတွင်းမှာ ခြောက်ကြိမ် ကာလတန်ဖိုးငွေကျပ် ၁၀၀၉ ဒသမ ၉၃ ဘီလျံခန့်ဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ အခုချိန်အထိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု စုစုပေါင်း ၁၆ ကြိမ်တိတိရှိခဲ့ပါတယ်။ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံအထိ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီပမာဏကိုကြည့်ရင် ဘယ်လောက်အန္တရာယ်များကြောင်း တွေ့နိုင်မှာဖြစ်ပါတယ်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကနေတစ်ဆင့် ဒေသတွင်းနေရာများကို ဘယ်လောက်အထိ မူးယစ်ဆေးဝါးတွေ ပို့ဆောင်နေခဲ့ကြောင်း ထင်းရှားစွာတွေ့ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၃ ခုနှစ်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်စပ်နေသည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင် ဗဟိုအဆင့်ရှိသည့် ထွန်းလင်း(ခ)ပြုံးချို၊ ဒုတိယဗိုလ်အဆင့်ရှိသည့် နေလင်းထွန်း(ခ) နော်နော်(ခ) ကျော်စိုးနှင့် ဒုတိယဗိုလ်အဆင့်ရှိသည့် စိုးထွန်း၊ တပ်ကြပ်ကြီးအဆင့်ရှိသည့် ကျော်ဟန်၊ တပ်သားအဆင့်ရှိသည့် ကျော်လင်းစန်းနှင့် ဦးထွန်းနုတို့ ခြောက်ဦးပါဝင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“သူတို့ကို ကျွန်တော်တို့ စနစ်ကျစစ်ဆေးဖော်ထုတ်တဲ့အခါမှာ AA သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ AA သောင်းကျန်းသူ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး(ခ) သားသား(ခ) ဝေသာထွန်းက ဦးစီးပြီး စီမံခန့်ခွဲလုပ်ဆောင်နေကြောင်း ထွက်ဆိုချက်တွေအရ တိကျစွာသိရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် အဆိုပါဖြစ်စဉ်နောက်ပိုင်း ဖမ်းမိသည့်ကိစ္စရပ်များတွင်လည်း AA သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်သည့်သူများ AA သောင်းကျန်းသူအဖွဲ့ ဦးစီးပြီးလုပ်ကိုင်နေသည့် မူးယစ်ဆေးဝါးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူများသာဖြစ်ကြောင်းကိုလည်း ထပ်မံတွေ့ရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AA သောင်းကျန်းသူအဖွဲ့များသည့် ဒေသခံများကို ငွေကြေးနှင့်မက်လုံးပေးပြီး မူးယစ်ဆေးဝါးများကို သယ်ဆောင်စေပြီး ရခိုင်ပြည်နယ်တွင်ရှိသည့် ဒေသခံများကို ရောင်းချခြင်းအပြင် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို ရေလမ်းကြောင်းမှတစ်ဆင့် ရောင်းချမှုအပြင် တစ်ခြားနိုင်ငံများကိုလည်း အဆင့်ဆင့်ချိတ်ဆက် ပို့ဆောင်ရောင်းချနေခြင်းကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒါတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ရဲ့ ရာမူးစစ်ဌာနချုပ်မှူးကိုယ်တိုင် စက်တင်ဘာလ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာကိုလည်းတွေ့ရပါတယ်။ ယခင်ကတော့ ဒီရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာနိုင်ငံရဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်နေတဲ့အခြေအနေမှာ ဒီလိုကိစ္စတွေကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ယခုကတော့ သူတို့လွှမ်းမိုးနေတဲ့ နယ်မြေမှာ AA သောင်းကျန်းသူတပ်ဖွဲ့တွေကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေကို အတားအစီးမဲ့စွာ တင်သွင်း၊ တင်ပို့နေကြောင်း တွေ့ရတာဖြစ်ပါတယ်။ ဒီလိုပို့ဆောင်ဖြန့်ဖြူးရရှိတဲ့ ငွေတွေကနေတစ်ဆင့် ရိက္ခာ၊ လက်နက်၊ ခဲယမ်းတွေ ဝယ်ယူနေခြင်းဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် AA သောင်းကျန်းသူအဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူအဖွဲ့များကလည်း မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးသည့်လမ်းကြောင်းတွင် ပါဝင်ပတ်သက်နေပြီး ထိုမှရရှိလာသည့် အကျိုးအမြတ်များကို မျှော်လင့်ခဲ့သော်လည်း ပမာဏကြီးကြီးမားမား ဖမ်းဆီးခံလိုက်ရသည့် နောက်ကွယ်တွင် ငွေကြေးကျပ်တည်းမှုများနှင့် အတူ စိတ်ဝမ်းကွဲပြားမှုများ၊ အလင်းဝင်ရောက်မှုများ၊ အချင်းချင်းစွပ်စွဲသတ်ဖြတ်မှုများ ဖြစ်ပေါ်နေခြင်းကိုလည်း တွေ့ရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောချင်တာက AA သောင်းကျန်းသူအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာသာမက မြန်မာနိုင်ငံအတွင်း၊ ဒေသတွင်းနိုင်ငံတွေအထိ လူသားမျိုးနွယ်စုရဲ့ အန္တရာယ်ဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ၊ ဖြန့်ဖြူးတာတွေ လုပ်ဆောင်လျက်ရှိတဲ့အပြင် လူမျိုးရေးအကြောင်းပြပြီး သောင်းကျန်းသူအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ လူမျိုးရေးအကြောင်းပြပြီး ဆောင်ရွက်နေတာဖြစ်ပေမဲ့ ရခိုင်လူငယ်တွေပဲ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေဖြစ်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသား၊ မိဘပြည်သူ၊ ညီအစ်ကိုမောင်နှမများအနေနဲ့ ဒီလိုအစွန်းရောက်လုပ်ဆောင်နေတဲ့ AA အကြမ်းဖက်သောင်းကျန်းသူ Arakha Army (AA) မူးယစ်ဆေးဝါးသောင်းကျန်းသူများကို ဆန့်ကျင်ဖို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးယုတ်စေမယ့်လုပ်ငန်းတွေဖြစ်လို့၊ ဒေသတွင်းနိုင်ငံများကိုပါ အန္တရာယ်ကျရောက်စေမယ့်လုပ်ငန်းတွေဖြစ်လို့ အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ ရရှိလာတဲ့ သတင်းများကို တာဝန်ရှိသူများထံ အချိန်မီပေးပို့ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
