၁၀. ၁၀. ၂၀၂၅
Written by Nyein Kyaw
စပါးဈေးများကျဆင်းနေသော်လည်း ဆန်အမျိုးအစားအားလုံး လိုက်ပါကျဆင်းလာခြင်းမရှိဘဲ ဧရာဝတီတိုင်းမှထွက်ရှိသည့် ဆန်အမျိုးအစားများသာ ဈေးနှုန်းကျဆင်းလာမှုရှိကြောင်း ပြည်တွင်းဆန်လက်လီအရောင်းဆိုင်များထံမှ သိရသည်။
“ဆန်ဈေးက ကျတော့ကျတယ်။ အကုန်လုံးမဟုတ်ဘူး။ ဧရာဝတီဘက်ကလာတဲ့ ဆန်တွေတော့ ဈေးကျတယ်။ အဓိက,က ဧရာဝတီပေါ်ဆန်းတွေပေါ့။ အရင်က တစ်ပြည်ကို ၆၅၀၀၊ ၇၀၀၀ ရောင်းတဲ့ ဆန်တွေက အခုတစ်ပြည်ကို ၅၅၀၀ လောက်ထိ ကျတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆန်လက်လီအရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။
ရွှေဘိုပေါ်ဆန်းများသည် ယခင်ဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိဘဲ အမြင့်ဈေးနှုန်း၌သာ ဆက်လက်ရှိနေပြီး ဆန်လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဆန် အဟောင်း (ထူးထူးရှယ်) တစ်ပြည်ကို ကျပ် ၉၅၀၀ အထိရှိကာ တစ်အိတ်လျှင် ကျပ် ၂၂၀,၀၀၀ ကျော်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ရွှေဘိုပေါ်ဆန်းက ဈေးနှုန်းအတက်အကျဆိုတာထက် ဝယ်လို့မရတာ။ ရှိတဲ့သူတွေကလည်း မထုတ်တဲ့သဘောမှာရှိတယ်။ မနှစ်က ဆန်အဟောင်းကို ဒီမှာရောင်းတာ တစ်ပြည် ၉၅၀၀ နဲ့ရောင်းတယ်။ ၈၀၀၀ ဝန်းကျင်အမျိုးအစားလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ဆန်းဈေးနှုန်းများ မြင့်တက်နေချိန် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ ရန်ကုန်မြို့တွင်း မြို့နယ်များရှိ လူစည်ကားရာဈေးများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ရက်(၉၀)ထိပ်စ ဆန်အမျိုးအစားများကို သက်သာသောဈေးနှုန်းဖြင့် လိုက်လံရောင်းချပေးနေသည်။
ယင်းကဲ့သို့ လိုက်လံရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်း 10 Kg တစ်အိတ် ကျပ် ၃၂,၀၀၀ (တစ်ပြည် ကျပ် ၇၀၀၀ ဝန်းကျင်)၊ ဧရာဝတီပေါ်ဆန်း 10 Kg တစ်အိတ် ကျပ် ၂၅,၀၀၀ (တစ်ပြည် ကျပ် ၅၅၀၀ ဝန်းကျင်)နှင့် ရက်(၉၀) ထိပ်စ (ဆန်ကြမ်းအမျိုးအစား) 10 Kg တစ်အိတ် ကျပ် ၁၅,၀၀၀ (တစ်ပြည် ကျပ် ၃၃၀၀ ဝန်းကျင်) သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် စပါးဈေးနှုန်းများ ကျဆင်းနေသည့်အပြင် တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ သက်သာသောဈေးနှုန်းဖြင့် ဆန်များလိုက်လံရောင်းချပေးနေသော်လည်း လက်လီဈေးကွက်တွင် ဧရာဝတီပေါ်ဆန်းတစ်မျိုးသာ တာဝန်ရှိသူများရောင်းချပေးနေသည့် တစ်ပြည် ကျပ် ၅၅၀၀ နည်းတူ လိုက်ပါကျဆင်းလာခြင်းရှိသည်ကို တွေ့ရှိရသည်။
ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့သည် လက်ရှိတွင် စပါးကို အပြည့်အဝနည်းပါး စိုက်ပျိုးနိုင်သည့်ဒေသများဖြစ်ပြီး ဧရာဝတီတိုင်းတွင် ဧရာဝတီပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်းနှင့် ပြည်တွင်းစားသုံးသည့် ဆန်အမျိုးအစားများကို အဓိကစိုက်ပျိုးခြင်းဖြစ်သည်။
ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင်မူ ဆန်ကြမ်းအုပ်စုဝင်နှင့် တောင်ပျံတို့ကို အဓိကစိုက်ပျိုးခြင်းဖြစ်ပြီး ပြည်တွင်း၌ လူကြိုက်များ၊ စားသုံးမှုများသော တောင်ပျံအမျိုးအစားသည် လက်လီဈေးကွက်တွင် ကျဆင်းလာမှုမရှိဘဲ တစ်ပြည်ကို ကျပ် ၇၅၀၀ ဝန်းကျင် ဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စပါးဈေးနှုန်းများမှာ အစိုဓာတ်၊ အရည်အသွေးနှင့် အမျိုးအစားကိုလိုက်၍ တင်း (၁၀၀) လျှင် ကောက်စော ဧည့်မထ စပါးအသစ်များသည် ကျပ် (၁၁)သိန်း မှ (၁၂)သိန်းအတွင်း၊ အထူးဧည့်မထအုပ်စု စပါးမျိုးများသည် ကျပ် (၁၄)သိန်းမှ (၁၅)သိန်းအတွင်း၊ ရက် ၉ဝ/မနောသုခ/ ဧရာမင်း/ ဧရာပဒေသာ စပါးမျိုးများသည် ကျပ် (၂၂) သိန်းမှ (၂၃) သိန်းအတွင်း၊ ဆင်းသုခ စပါးဖြစ်ပါက အစိုပင်လျှင် ကျပ် (၁၃) သိန်းဈေးဖြင့် ရောင်းဝယ်မှုရှိနေကြောင်း သိရသည်။



