◾️ ထရမ့်ပ်အဖို့ ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရဖွယ်မရှိဟု ခန့်မှန်းကြ
၁၀.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီး နောက်တစ်နေ့မှာပဲ နော်ဝေနိုင်ငံ နိုဘယ်ဆု ကော်မတီက ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီ အောက်တိုဘာလ ၁၀ ရက်မှာ ကြေညာမယ်လို့ ပြောကြားခဲ့တာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် ရလေမလား အသည်းအသန် မျှော်လင့်ထားကြတဲ့ ဒီဆုကို ထရမ့်ပ်အနေနဲ့ ဆွတ်ခူးနိုင်ဖို့က အခွင့်အရေး အရမ်းနောက်ကျသွားဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုကြပါတယ်။
နော်ဝေနိုင်ငံ နိုဘယ်ဆု ကော်မတီက နိုဘယ်ဆုတွေအားလုံးထဲမှာ မျှော်လင့်သူအများဆုံးဖြစ်ပြီး ဂုဏ်သိက္ခာလည်းရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသူကို ဒေသစံတော်ချိန် နံနက် ၁၁း၀၀ နာရီ (ဂရင်းနစ်စံ တော်ချိန် ၀၉၀၀ နာရီ) မှာ မြို့တော် အော့စလိုမှာကြေညာမယ်လို့ ပြောခဲ့ပါတယ်။
ဒီလိုပြောကြားမှုက အစ္စရေးနဲ့ဟားမားစ်တို့က နှစ်နစ်ကျော်ကြာ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အကူအညီပေးနိုင်မယ့် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေနဲ့အကျဉ်းသားတွေ လဲလှယ်ရေးတို့ကို သဘောတူခဲ့ကြပြီးတဲ့နောက် နာရီပိုင်းအလိုမှာပြောခဲ့ကြတာပါ။
ဒါပေမယ့် နှစ်ဖက်စလုံးအပေါ် ထရမ့်ပ်ရဲ့ဖိအားပေးမှုတွေက ဂါဇာဒေသငြိမ်းချမ်းရေး အောင်မြင်မှုတွေအတွက် အဓိကကျတယ်လို့ ရှုမြင်ကြရပေမယ့် နိုဘယ်ဆုကော်မတီက ဆုချီးမြှင့်ရာမှာ ထည့်သွင်းစဉ်းစားဖို့အတွက်တော့ ဂါဇာသဘောတူညီချက်က နောက်ကျနေတယ်လို့ ဆိုရမှာပါ။
နိုဘယ်ဆုကော်မတီဝင်ငါးဦးဟာ အောက်တိုဘာလ ၆ ရက်မှာ သူတို့ရဲ့ နောက်ဆုံးအစည်းအဝေးကို ကျင်းပခဲ့ပြီး သူတို့ရဲ့ ကြေညာချက်မှာ နောက်ဆုံးအချက်တွေ ထည့်သွင်းတဲ့အခါ သူတို့ရဲ့ရွေးချယ်မှုကို ရှင်းလင်းစွာထုတ်ပြန်မယ်လို့ ပြောခဲ့ကြပါတယ်။ သူတို့အနေနဲ့ အများအားဖြင့်တော့ သူတို့ရဲ့ နောက်ဆုံး အစည်းအဝေးမတိုင်မီ ရက်အတော်ကြာကတည်းက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို သူတို့အနေနဲ့ ဆုံးဖြတ်ခဲ့ကြတာပါ။
နိုဘယ်ဆုကော်မတီက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ချပြီးဖြစ်မှာဖြစ်လို့ ၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရွေးချယ်မှုအတွက်တော့ ဂါဇာသဘောတူညီချက်က ထူးခြားအရေးပါမှုရှိတော့မှာမဟုတ်ဘူးလို့ သမိုင်းပညာရှင်နဲ့ ငြိမ်းချမ်းရေးဆုရှင် အက်စ်လီ စဗင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။
သူက “ထရမ့်ပ်အဖို့ ဒီနှစ်မှာတော့ ဒီဆုကိုရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း သေချာတယ်ဆိုတာ ပြောရဲပါတယ်” လို့ ပြောခဲ့ပါသေးတယ်။
Ref- AFP
