၂၈. ၉. ၂၀၂၅
Written by Nyein Kyaw
ကာဇက်စတန်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Astana International Financial Center (AIFC) သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၇ ရက် (ယမန်နေ့) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့် ကာဇက်စတန်နိုင်ငံသို့ ထွက်ခွာခဲ့ရာ နေ့လယ်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။






ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိပြီးသည်နှင့်တစ်ချိန်တည်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇတ်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev နှင့် ကာဇက်စတန်နိုင်ငံ သမ္မတနန်းတော်၌ တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးခဲ့သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် သွားရောက်လေ့လာခဲ့သည့် အက်စတာနာမြို့ရှိ Astana International Financial Center (AIFC) သည် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ကာဇက်စတန်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကမ်းလှမ်းနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် Belt and Road Initiative (BRI) စီမံကိန်းတို့နှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး အာရှအလယ်ပိုင်းဒေသကိုအစပြုကာ အရှေ့အလယ်ပိုင်းဒေသ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံများအထိ ကမ္ဘာအနှံ့ဖြန့်ကျက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
