




MT News
၂၈. ၉. ၂၀၂၅
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ H.E.Mr. Kassym-Jomart Tokayev နှင့် ကာဇက်စတန်သမ္မတနိုင်ငံ၊ သမ္မတနန်းတော်၌ တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် ရင်းနှီး နွေးထွေးစွာ ဆွေးနွေးခဲ့ပြီးနောက် ကာဇက်စတန် သမ္မတနန်းတော်မှ ပြန်လည်ထွက်ခွာသည့် ယာယီသမ္မတကို ကြိုဆိုပို့ဆောင်ရေးကာဇက်စတန်သမ္မတက ကြိုဆိုဂုဏ်ပြုယာဥ်တန်းအထိ လိုက်ပါပို့ဆောင်ပေးခဲ့သည်။
နိုင်ငံအချင်းချင်းအကြား ဆက်ဆံရေးတွင် အခြားနိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို အလေးအမြတ်ထားမထားအား ကြိုဆိုဧည့်ခံပုံနှင့် အကဲဖြတ်လေ့ရှိသည်။ ကာဇက်စတန်နိုင်ငံသည် အခြားနိုင်ငံများနှင့် မတူကွဲပြားစွာ နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ပြုကြိုဆိုမှုအရောင်ကို အပြာရောင်ကော်ဇောပြာအဖြစ် သတ်မှတ်ထားပြီး ယာယီသမ္မတကို ဂုဏ်ပြုကြိုဆိုချိန်ကလည်း ဂုဏ်ပြုတပ်ဖွဲ့၊ ကော်ဇောပြာကြိုဆိုမှုအပြင် ဂုဏ်ပြုဆိုင်းဘုတ်ထောင်၍ပါ ကြိုဆိုခဲ့သည်။
ထို့အတူ သမ္မတအိမ်တော်မှ ပြန်လည်ထွက်ခွာချိန်တွင်လည်း သမ္မတကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ သမ္မတအိမ်တော် သို့မဟုတ် အလားတူအရေးပါသည့် နေရာမှ ပြန်လည်ထွက်ခွာသည့် အခြား နိုင်ငံ့ခေါင်းဆောင်ကို စီးနင်းမည့် ကြိုဆိုဂုဏ်ပြုယာဥ်အနီးအထိ လိုက်ပါပို့ဆောင်ခြင်း(Escorting the Guest of Honor – ဂုဏ်ထူးဆောင် ဧည့်သည်တော်အား လိုက်ပါပို့ဆောင်ခြင်း) သည် ဧည့်သည်တော်ကို အမြင့်ဆုံး ဂုဏ်ပြုချီးမြှင့်မှု (Highest Honors) ပေးသည့် သံတမန်ထုံးတမ်းစဉ်လာ တစ်ခုဖြစ်ပြီး လက်ခံကျင်းပသည့်နိုင်ငံနှင့် ဧည့်သည်တော်နိုင်ငံအကြား နွေးထွေးသော ဆက်ဆံရေးကို ပြသရာရောက်သလို အထူးလေးစားဂရုပြုခြင်းကို ဖော်ပြခြင်းလည်း ဖြစ်သည်။
