၂၈.၉.၂၀၂၅
Written By Min Thet
ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့ရှိ AA စခန်းချရာနေရာများသို့ တပ်မတော်က ယမန်နေ့ ည ၈ နာရီကျော် အချိန်က လေကြောင့်ဖြင့် ထပ်မံရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းရှင်းလင်းခံရခြင်းအပေါ် AA က ထုတ်ပြန်ရာတွင် ပထမအကြိမ်တွင် အမှတ်(၄) ရပ်ကွက်ရှိ ဦးမြဟန် အိမ်ကိုထိမှန်ခဲ့ပြီး ဒုတိယအကြိမ်တွင် ညောင်ပင်ဈေးရပ်ကွက်ရှိ ဦးမှဲ့လေးအိမ်ကို ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။






“အခု ဗုံးကြဲခံရတဲ့ အဲဒီ ၄ ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်က AA အဖွဲ့ကို ဝင်ထားသူတွေချည်းပဲ။ညောင်ပင်ဈေး ဆိုလို့ ဈေးရောင်းတဲ့ ဈေးလို့ အထင်မှားနေကြပါအုံးမယ်။ သံတွဲဒေသအကြောင်းကို မသိတဲ့သူတွေကလေ။ ညောင်ပင်ဈေး ဆိုတာ ရပ်ကွက်ပါ။ ရေးတဲ့သူတွေကလည်း ညောင်ပင်ဈေးရပ်ကွက်လို့ ထည့်ရေးသင့်တယ် မဟုတ်လားခင်ဗျာ။ မြောက်ပိုင်း သားတွေလည်း ရောက်နေတဲ့ရပ်ကွက်ပေါ့။ အဲဒီမှာ မြောက်ပိုင်းက စစ်ရှောင်လိုလို ဘာလိုလိုတွေ ရောက်နေတာ။ အရင်တစ်ခါလည်း ချခံထားရတာလေ။ မနာချင်ရင် AA နားက ဖယ်ပြီးနေပေါ့။ သူတို့အနားနေသမျှ နာမယ်လေ။ ဖြစ်လာမှ သေတယ်တို့၊ ဒဏ်ရာရတယ်တို့ မပြောနဲ့လို့ဘဲ ပြောချင်တော့တာ”ဟု သံတွဲ ဒေသခံတစ်ဦးက မြေပြင်ဖြစ်ရပ်မှန်အပေါ် MT News ကို ပြောသည်။
ယမန်နေ့ညက လေကြောင်းဖြင့် ရှင်းလင်းစဉ် သေဆုံးသွားသူမှာ သံတွဲမြို့၊ အမှတ် (၄) ရက်ကွက်က ဦးညီညီ ဆိုသူ ဖြစ်ပြီး ဒဏ်ရာရသူများမှာ သေဆုံးသူ၏ သား များဖြစ်သော မောင်အောင်သီဟစိုး(၁၄)နှစ်၊ မောင်သန့် ဇင်ဖြိုး(၆)နှစ်၊ သေဆုံးသူ၏ ဇနီး ဒေါ်ခင်ခင်ဌေး(၃၇)နှစ် နှင့် ဒေါ်ခင်ထွေး(၅၃)နှစ်၊ ဦး ထွန်းနိုင်မင်း(၄၂)နှစ် တို့ဖြစ်ကြကြောင်း သိရသည်။
“ဦးညီညီဆိုတာ စစ်ရှောင်လာသူအမည်တပ်ပြီး ညောင်ပင်ဈေးမှာနေနေတာ။ သံတွဲဒေသခံလည်းမဟုတ်ပါဘူးခင်ဗျာ။ လူတစ်ယောက် သေတာကို ကျွန်တော်တို့ ဝမ်းနည်းပါတယ် ။အထူးသဖြင့် ရခိုင်လူမျိုးဆုံးရှုံးမှုတွေဆိုရင်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြောချင်တာက AA ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ AA အဖွဲ့ဝင်လုပ်နေသူတွေ အနေနဲ့ အခုလို ဗုံးကြဲခံရလို့ သေတဲ့အခါ အရပ်သားလိုလို အသံလွှင့်တာကိုတော့ လက်မခံနိုင်ပါဘူး။ ကျွန်တော် သံတွဲဇာတိသားပါ”ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။
အဆိုပါ သံတွဲမြို့အမှတ်(၄)ရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်သို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်ကလည်း တပ်မတော်က ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်ခဲ့ရသေးကြောင်း သိရသည်။
