◾️ ARSA က မူဆလင်မဟုတ်သော ရခိုင်မျိုးနွယ်စုများကို သုံးကြိမ်ထက်မနည်းသတ်ဖြတ်နေဟုပါ AA ပြော
◾️ မောင်တောနယ်စပ် AA စခန်းများကို ARSA က သိမ်းပိုက်ရန် ပြင်ဆင်နေဟုပါ ဖွင့်ဟ
၂၈. ၉. ၂၀၂၅
Written by Nay Moe
ရခိုင်အကြမ်းဖက် လက်နက်ကိုင် AA က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို မူးယစ်ဆေးဖြန့်နေကြောင်း ဘင်္ဂလားဒေ့ရှ့်နယ်ခြားစောင့်တပ် (BGB) က ကမ္ဘာသိအောင် သတင်းစာရှင်းလင်းခဲ့ပြီးနောက် AA ကလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စစ်တပ်မှ အကျင့်ပျက်အရာရှိတချို့က အစ္စလာမ္မစ်အစွန်းရောက် ARSA လက်နက်ကိုင်များကို ကူညီပေးနေသည်ဟု ပြန်လည် စွပ်စွဲလိုက်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ ARSA အဖွဲ့သည် မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နှင့် (၅၇) အကြား “ပွိုင့် (၆၀၁) ကုန်း” ရှိ AA ၏ နယ်စပ်လုံခြုံရေးတပ်စခန်းတစ်ခုနှင့် အခြားစခန်းတစ်ခု ဖြစ်သော နယ်စပ်မှတ်တိုင် (၅၂) မှ အဖြောင့်တိုင်း (၄ ဒသမ ၇) ကီလိုမီတာအကွာအဝေး၌ရှိသည့် ဒုံးညိုရွာအနီးရှိ“ဒုံးညိုစခန်း” အား သိမ်းပိုက်ရယူရန်အတွက် စိမ့်ဝင်ထိုးဖောက်ခြင်း၊ ဘင်္ဂလားဘက်အခြမ်းမှ နှောင့်ယှက်ပစ်ခတ်ခြင်း၊ ခြုံခိုတိုက်ခိုက်ရန်စီစဉ်ထားခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ခြင်း၊ စစ်ကူလာမည့်နေရာအချို့၌ ဖြတ်တောက်ပိတ်ဆို့ ထားခြင်းတို့ ပါဝင်သည့် စခန်းသိမ်းရန် ရည်ရွယ်ထားသော တိုက်ခိုက်မှုမျိုးပြုလုပ်မည့် အရိပ်အယောင်လက္ခဏာများကို ဆက်တိုက်တွေ့ရှိလာခဲ့ရသည်ဟု AA ၏ စက်တင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါနယ်စပ်လုံခြုံရေးစခန်းသည် မိုးတွင်းကာလ၌ သွားလာရခက်ခဲခြင်း၊ ဘေးနံစခန်းများမှ စစ်ကူလာရောက်ရန် အနည်းငယ်ခက်ခဲသည့် သဘာဝအနေအထားရှိနေခြင်းတို့အပြင် AA အနေဖြင့် စစ်တွေမြို့၊ ကျောက်ဖြူမြို့အပါအဝင် ရခိုင်ဒေသနှင့် နယ်မြေ ဆက်စပ်လျက်ရှိသော အခြားသောနေရာ (၃) ခု၌ တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်သည်ကို ARSA ၊ RSO အကြမ်းဖက်အဖွဲ့များ အခွင့်ကောင်းယူကာ ၎င်းတို့ အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှနေ၍ တပ်မတော်နှင့် အနီးကပ် ပူးပေါင်းပြီး AA ၏ နယ်စပ်လုံခြုံရေးတပ်စခန်းများကို ပူးပေါင်းတိုက်ခိုက်လျက်ရှိသည့်အပြင် တပ်မတော်က ARSA၊ RSO တို့အား လက်နက်ခဲယမ်းထောက်ပံ့ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟုလည်း AA က စွပ်စွဲထားသည်။

အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့သည် ပွိုင့် (၆၀၁) စခန်းအား စက်တင်ဘာလ (၁၆) ရက်၊ ညနေ (၄) နာရီ (၁၂) မိနစ်မှ စတင်တိုက်ခိုက်ခဲ့ရာ ဒုတိယနေ့ တိုက်ခိုက်မှုအပြီးတွင် စခန်း၏ ပထမအဆင့်ရှိ အဆောင်ပျက်များနေရာသို့ အင်အားအနည်းငယ် ခေတ္တဝင်ရောက်နိုင်ခဲ့သော်လည်း တန်ပြန်ထိုးစစ်၊ ခုခံစစ်များနှင့်အတူ စစ်ကူများရောက်ရှိလာချိန်တွင် ARSA အဖွဲ့ဝင်များအားလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ဒေသအတွင်းသို့ လေးရက်မြောက်၌ အသုတ်လိုက် ထွက်ပြေးသွားကြ၍ ARSA အဖွဲ့ဝင်များကို AA က လိုက်လံရှင်းလင်းစဉ် တိုက်ပွဲငယ်များ ဆက်လက် ဖြစ်ပွားလျက်ရှိသည်ဟုလည်း ဆိုသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်အထိ AA နှင့် ARSA အဖွဲ့တို့သည် ပွိုင့် (၆၀၁) စခန်းပတ်ဝန်းကျင် အပါအဝင် နေရာ (၆) ခုတို့တွင် ထိတွေ့တိုက်ခိုက်မှု စုစုပေါင်း (၁၂) ကြိမ်အထက်ရှိခဲ့ကာ အဆိုပါ ထိတွေ့မှုဖြစ်စဉ်များအတွင်း ARSA တပ်ဖွဲ့ဝင် အလောင်းတချို့၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက် ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်ဟုလည်း ဆိိုသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်၊ နံနက် (၉) နာရီခန့်အချိန်တွင် အထက်အင်းချောင်းရွာမှ မီတာ (၃၀၀) ခန့်အကွာ (တစ်နည်းအားဖြင့်) ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်ကားလမ်း (ဘင်္ဂလားဘက် အခြမ်း) ၌ ခြုံခိုနေရာယူထားသော ARSA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် AA တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိမှုရှိခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (Border Guard Bangladesh – BGB) မှ အစွန်းရောက်စစ်သွေးကြွဝါဒကို အားပေးသော အကျင့်ပျက် အရာရှိတချို့၏ အားပေးထောက်ခံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရရှိထားလျက်ရှိကြသည်။ ARSA၊ RSO အကြမ်းဖက်အဖွဲ့တို့သည် စစ်ရေး၊ ထောက်ပံ့ရေး အကူအညီများကို အပြည့်အဝ ရယူထားရုံသာမက BGB စခန်းများအနီး၌ပင် ၎င်းတို့၏အကြမ်းဖက်တပ်စခန်းအချို့ကို အခိုင်အမာ အခြေစိုက်တပ်စွဲခွင့်ရရှိထားပြီး ၎င်းအခြေပြုနေရာများမှတစ်ဆင့် AA ဒေသအတွင်းသို့ ဝင်ရောက် အကြမ်းဖက်လှုပ်ရှားလျက်ရှိကြသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို မူးယစ်ဆေးဖြန့်နေသည့် AA က ပြန်လည် စွပ်စွဲသည်။

ထို့အပြင် အဆိုပါ စစ်သွေးကြွ အကြမ်းဖက်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနေ၍ နတ်မြစ်နှင့်မယူတောင်တန်း လမ်းကြောင်းများမှတစ်ဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဝင်ရောက်ကာ နယ်စပ်ရှိ AA စခန်းတချို့အား ဆက်တိုက် တိုက်ခိုက်လာသည့်နည်းတူ ဒေသခံပြည်သူလူထုများကို လူပြတ်သော နေရာများ၌ ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးနှိပ်စက်ခြင်း၊ အနိုင်ကျင့် ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်းတို့ကိုလည်း ဆက်တိုက်ကျူးလွန်လျက်ရှိကြသည်ဟုလည်း AA က စွပ်စွဲသည်။
တစ်ချိန်တည်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ နယ်စပ်ဖြတ်၍ မောင်တောခရိုင်အတွင်းသို့ ခိုးဝင် ရောက်ရှိလာကြသော အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့များသည် ဒေသခံပြည်သူများအား ရက်ရက်စက်စက် သတ်ဖြတ်ကာ အရပ်သားအလောင်းများအား AA စစ်ယူနီဖောင်းများကို တမင်တကာ ရည်ရွယ်ချက် ရှိရှိဖြင့် အစားထိုးဝတ်ဆင်ပေးပြီး ရုပ်သံ၊ ဓာတ်ပုံများထုတ်လွှင့်ကာ အရပ်သားများအား ၎င်းတို့၏သတ်ဖြတ်မှုကို ဖျောက်ဖျက်ရန် ကြိုးစားအားထုတ်ကြသည်။ ၎င်းသတ်ဖြတ်ခံရသူများ (သို့မဟုတ်) AA ၏ ယူနီဖောင်း၊ စစ်အသုံး အဆောင်ပစ္စည်းများဖြင့် အစားထိုး ဝတ်ဆင်ပေးထားသော အရပ်သားအလောင်းများမှာ တိုက်ပွဲများအတွင်း AA ဘက်မှ သေဆုံးသူများဖြစ်သည်ဟုလည်း လိမ်လည်လှည့်ဖြား ဝါဒဖြန့်လျက်ရှိကြသည်။ ထို့အပြင် ARSA တို့သည် AA နှင့် အပြင်းအထန်တိုက်ပွဲဖြစ်နေသယောင် တိုက်ပွဲအတုများကိုဖန်တီးပြီး ဝါဒဖြန့်လျက်ရှိသကဲ့သို့ AA ၏ လုံခြုံရေးစခန်းအား ၎င်းတို့သိမ်းထားသည့် ပုံစံမျိုးဖန်တီးကာ ၎င်းတို့ကို ထောက်ခံသူများ၏ ထောက်ခံမှု ပိုမိုရရှိလာစေရန်အတွက် ပုံမှားရိုက် ရုပ်သံဖိုင်များပြုလုပ်ပြီး အွန်လိုင်းမှ ဝါဒဖြန့် လှုံ့ဆော်လျက်ရှိကြသည်ဟုလည်း AA ၏ စွပ်စွဲချက်က ဖော်ပြထားသည်။

သာဓကအားဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ကလည်း အဆိုပါ စစ်သွေးကြွအကြမ်းဖက်အဖွဲ့များသည် မောင်တောနယ်စပ် တမန်းသားရွာနှင့် ဒုံးညိုရွာများမှ ရွာသား (၁၀) ဦးခန့်ကို ဖမ်းဆီး သတ်ဖြတ်ကာ စက်ဆုပ်ဖွယ်ရာ လူမဆန်သော အောက်တန်းကျသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။ စစ်သွေးကြွအကြမ်းဖက်အဖွဲ့တို့၏ အလားတူ အကြမ်းဖက်လုပ်ရပ်များမှာ ဤဖြစ်စဉ်ဖြစ်ပွားနေသော ရက်သတ္တပတ်ကာလအတွင်း နယ်စပ်တစ်လျှောက်၌ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တစ်လျှောက်တွင်နေထိုင်ကြသော မူဆလင်မဟုတ်သည့် ရခိုင်အပါအဝင် အခြားသောမျိုးနွယ်စု အချို့တို့အား ARSA၊ RSO အဖွဲ့မှ အကြမ်းဖက်သတ်ဖြတ်လိုက်သောဖြစ်စဉ်မှာ ဤရက်များအတွင်း (၃) ခု အထက်ရှိခဲ့သည်ဟုလည်း AA က စွပ်စွဲထားသည်။
အထက်ပါ စွပ်စွဲချက်များအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ အခိုင်အမာ အခြေစိုက်တပ်စခန်းချလျက် ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ကာ ရခိုင်ပြည်သူများအား ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ပြီး AA ၏ နယ်စပ်လုံခြုံရေး တပ်စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်သော အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအဖွဲ့များအပေါ် ခွင့်ပြု၊ ထောက်ပံ့ကူညီ၊ အားပေးအားမြှောက်ပြုနေသည့် အိမ်နီးနားချင်း တစ်ဖက်နိုင်ငံမှ အစွန်းရောက်စစ်သွေးကြွဝါဒ အားပေး အကျင့်ပျက် BGB မှ အရာရှိတချို့နှင့် စစ်သွေးကြွလှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြသောသူတချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် အမြန်ဆုံးဖော်ထုတ်အရေးယူသင့်ကြောင်း၊ အရေးယူထိန်းကျောင်းမှုမရှိဘဲ ယခုအတိုင်း ဆက်လက်လွှတ်ပေးထားမည်ဆိုပါက နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဆက်ဆံရေးတို့ကို ထိခိုက်စေနိုင်ကာ နှစ်ဖက်တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်၌ တစ်ကျော့ပြန်စခန်းထလာသော ARSA၊ RSO အကြမ်းဖက်လှုပ်ရှားမှု အန္တရာယ်သည် ရခိုင်ဒေသတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်စေသည် သာမက ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားသားများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုပါ သွယ်ဝိုက်ခြိမ်းခြောက်ရာရောက်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့်လည်း ဤဖြစ်ရပ်အပေါ် သေချာစောင့်ကြည့်၍ ဝိုင်းဝန်းစောင့်ကြပ် ထိန်းသိမ်းပေးကြစေလိုကြောင်း ကမ္ဘာကို မူးယစ်ဆေးဖြန့်နေသည့် AA က အကူအညီတောင်းထားသလို ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း AA နှင့် နှစ်ဖက်ပြေလည်စေမည့် နည်းလမ်းများကို အမြန်ဆုံးရှာဖွေသင့်ကြောင်း AA ထုတ်ပြန်ထားသည်။
