၂၈.၉.၂၀၂၅.
Translated by Htwe Ko Tun.
အိန္ဒိယနိုင်ငံရဲ့ လူသိများလှတဲ့ ရုပ်ရှင်မင်းသားတစ်ဦးလည်းဖြစ်တဲ့ တမီလ်မင်းသား ဗီဂျေးရဲ့ Tamilaga Vettri Kazhagam နိုင်ငံရေးပါတီက အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်၊ ကာရူးခရိုင်မှာ စက်တင်ဘာလ ၂၇ ရက်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲလှုပ်ရှားမှု လူထုစုဝေးပွဲတစ်ရပ်မှာ ရုတ်တရက်လူတွေ ထိတ်လန့်မှုဖြစ်ကာ ကမူးရှူးထိုးပြေးလွှားကြရာမှ လူအုပ်ပြိုမှုမှုတစ်ရပ် ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ ၃၉ ဦးသေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အမ်ကေ စတာလင် က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် က လူ ၃၉ ဦးသေဆုံးခဲ့ရတဲ့အထဲမှာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၇ ဦး၊ ယောကျ်ားလေး လေးဦးနဲ့ မိန်းကလေးငါးဦးပါဝင်ကြတယ်လို့ပြောခဲ့ပါတယ်။ ဒါ့ပြင် ဒဏ်ရာရတဲ့ အမျိုးသား၂၆ ဦးနဲ့ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၅၁ ဦးကိုလည်း အရေးပေါ်ကုသမှုတွေပေးနေရတယ်လို့ သူက ဆက်လက်ပြောခဲ့ပါတယ်။

တမီလ်ရုပ်ရှင်လောကရဲ့ ဆယ်စုနှစ်သုံးစုကြာအောင် ဘဏ်စာရင်းအများဆုံးမင်းသားတွေထဲက တစ်ဦး ဖြစ်တဲ့ ဗီဂျေးဟာနိုင်ငံရေးပါတီဖြစ်တဲ့ Tamilaga Vettri Kazhagam ကို ၂၀၂၄ ခုနှစ်မှာ စတင်ထူထောင်ပြီးကတည်းက နိုင်ငံရေးလောကကို ဝင်ရောက်လာခဲ့ပြီး လူထုတွေ့ဆုံပွဲတွေကိုလည်း ကျင်းပခဲ့တာပါ။ သူက ပြည်နယ်အာဏာရပါတီ DMK နဲ့ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ Bharatiya Janata ပါတီတို့ကို ပစ်မှတ်ထားခဲ့ပြီး ၂၀၂၆ ခုနှစ်အစောပိုင်းမှာ ကျင်းပမယ့် ပြည်နယ်ရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးနေတာပါ။
ဒေသတွင်း မီဒီယာတွေက လွှင့်ထုတ်တဲ့ ဗီဒီယိုတွေမှာတော့ ဗီဂျေးက မဲဆွယ်စည်းရုံးရေးယာဉ်ကြီး အပေါ်မှာ မတ်တပ်ရပ်ပြီး သူ့ကို ဝန်းရံထားတဲ့ ထောင်နဲ့ချီတဲ့ လူတွေကို စကားပြောနေတာ တွေ့ရပါ တယ်။
လူထုစည်းဝေးပွဲပြုလုပ်နေတုန်းမှာ ဗီဂျေးက ယာဉ်ထိပ်မှနေပြီး မူးလဲနေတဲ့ ထောက်ခံသူတွေဆီ ရေသန့်ဘူးတွေ ပစ်ပေါက်ပေးကာလူအုပ်က ထိန်းသိမ်းမရဖြစ်နေတုံးမှာ ရဲတပ်ဖွဲ့ထံ အကူအညီတောင်းနေတာကိုလည်း တွေ့မြင်ရပါတယ်။
“ကျွန်တော်အလွန်ပဲ ကြေကွဲခံစားရပါတယ်။ သည်းမခံနိုင်တဲ့၊ ဖော်ပြလို့မရနိုင်တဲ့နာကျင်မှုတွေနဲ့ ဝမ်းနည်းမှုတွေ ခံစားနေရပါတယ်” လို့ ဗီဂျေး က X လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။

“ကာရူးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ချစ်လှစွာသော ညီအစ်ကို မောင်နှမတွေရဲ့ မိသားစုဝင်တွေကို အလေးအနက် ကိုယ်ချင်းစာပြီး ဝမ်းနည်းတယ်ဆိုတာ ပြောလိုပါတယ်။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူတွေ အမြန်ပြန်နေကောင်းလာဖို့လည်း ဆုတောင်းနေပါတယ်” လို့ ဗီဂျေးက ဆက်လက် ပြောကြားခဲ့ပါတယ်။
ဖြစ်စဥ်အတွက် ကုသဖို့ အနီးရှိ တီရူချီရတ်ပါလီနဲ့ ဆာလမ် ခရိုင်တွေမှ အနည်းဆုံး ဆရာဝန် ၄၄ ဦးကို ကာရူးကို့ ပို့ပေးခဲ့တယ်လို့ မီဒီယာ တွေက ဖော်ပြခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၈ ရက်အစောပိုင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာခုလို လူအုပ်ပြိုမှုဖြစ်ပွား ရတဲ့အကြောင်းရင်းကိူ မေးမြန်းကြရာမှာ ပြည်နယ်ဝန်ကြီးချုပ် စတာလင်က “တမီးလ်နာဒူး ပြည်နယ်အစိုးရအနေနဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးဖို့ အငြိမ်းစားတရားသူကြီး အရူနာ ဂျာဂါဒီဆန် ဦးဆောင်တဲ့ကော်မရှင်ကို တာဝန်ပေးစုံစမ်းပြီး လုပ်ငန်းအပြီးမှာ အစိုးရဆီ အစီရင်ခံစာတင်ပြီးနောက် ဆက်လက် အရေးယူသွားမယ်လို့ ပြောခဲ့ပါတယ်။
သူက အဖြစ်အပျက်မှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေကို တစ်ဦးလျှင် အိန္ဒိယ ရူပီး ၁ သန်း (ဒေါ်လာ ၁၁,၂၈၀) ထောက်ပံ့ပေးမယ်လို့ အစောပိုင်းက ကြေညာခဲ့ပါတယ်။
ဗီဂျေး ရဲ့လူထုစည်းဝေးချီတက်ပွံတွေက ဘေးအန္တရာယ်ဖြစ်စေတဲ့ စိုးရိမ်ဖွယ်အခြေအနေတွေနဲ့် ရင်ဆိုင်ရတာ အခုက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း သူ့ရဲ့နိုင်ငံရေးပါတီက စတင်ကျင်းပတဲ့ ပထမအကြိမ်အစည်းအဝေးကျင်းပအပြီးမှာ အနည်းဆုံး လူ ခြောက်ဦး သေဆုံးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
“တမီလ်နာဒူးပြည်နယ်၊ ကာရူးခရိုင်က နိုင်ငံရေးလူထုစုဝေးပွဲတစ်ခုအတွင်း အခုလိုကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ အဖြစ်အပျက်က အလွန်ဝမ်းနည်းစရာကောင်းပါတယ်” လို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Ref-Reuters
