နေမိုး
၂၇. ၉. ၂၀၂၅




အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ လုံးတုံကျေးရွာအနီး ညောင်ပင်-လုံးတုံ-နန့်မွန်းသွားကားလမ်းဘေးသို့ KIA နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေကြသူများဖြစ်သည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ကုန်းမနကျေးရွာနေ ဦးပြည့်ဖြိုးအောင်(၄၁)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး ကုန်းမနကျေးရွာနေ ဒေါ်လှမြင့်(၅၇)နှစ်၊ နန့်မီးလောင်ကျေးရွာနေ မကြည်ကြည်ဦး(၂၂)နှစ်၊ ညောင်ပင်ကျေးရွာနေ ဦးဝင်းသိန်း(၃၇)နှစ်၊ ရွှေအင်းသာရပ်ကွက်နေများဖြစ်ကြသည့် ဒေါ်ချိုမာ(၄၃)နှစ်၊ မောင်မိုးစက်လင်းထက်(၄)နှစ်၊ မမိုးစက်လင်းမြတ်(၁)နှစ်နှင့် ဒေါ်ငွေရဲ(၃၄)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား နန့်မွန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။



ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင် တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး/ထိခိုက် ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
