၂၇.၉.၂၀၂၅.
Translated by Htwe Ko Tun
မလေးရှားလေတပ်အနေနဲ့ သက်တမ်းရင့်နေပြီဖြစ်တဲ့ သူ့ရဲ့တိုက်လေယာဉ်တွေနေရာမှာ အစားထိုးဖို့ လေယာဉ်အသစ်တွေကို မကြာမီ ဝယ်ယူဖို့ လိုအပ်နေပေမယ့် သူ့အတွက်ရွေးချယ်ဖို့အတွက်မှာတော့ အကန့်အသတ်ရှိနေတယ်လို့ စင်ကာပူနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန ရဲ့ သုတေသန ဘုတ်အဖွဲ့ဖြစ်တဲ့ ISEAS – Yusof Ishak Institute မှ ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်က မလေးရှားနိုင်ငံ၊ ကွမ်တန်မြို့မှာ တော်ဝင်မလေးရှားလေတပ်က F/A-18 Hornet တိုက်လေယာဉ်တစ်စင်း မီးလောင်ပျက်ကျခဲ့တာမှာ လေယာဉ်မှူးနှစ်ဦးကတော့ ကံကောင်း ထောက်မပြီး လေယာဉ်ကနေ ခုန်ထွက်နိုင်ခဲ့ကြပေမယ့် မလေးရှားလေတပ်အဖို့ အမေရိကန်၊ ဗြိတိန်နှင့် ရုရှားဂျက်တိုက်လေယာဉ်များ ပါဝင်သော သူ့ရဲ့အဓိကလေယာဉ်တွေကို လာမယ့်ဆယ်စုနှစ်အတွင်း အစားထိုးဖို့ လိုအပ်နေပြီဆိုတာ ပြသရာရောက်ခဲ့ပါတယ်။
ဒီနေရာမှာ ပြဿနာဖြစ်ရတာက မလေးရှားအဖို့ အစားထိုးရွေးချယ်စရာလေယာဉ်တွေက အထက်မှာဆိုခဲ့သလို အကန့်အသတ် ရှိနေတာပါပဲ။ ကာကွယ်ရေးအသုံးစရိတ်ကလည်း ကျပ်တည်းခက်ခဲနေသေးတယ်လို့ ဆိုရမှာပါ။
လေယာဉ်အသစ်တွေ အစားထိုးဝယ်ယူဖို့ မလေးရှားလေတပ်အတွက် လိုအပ်ချက်ကတော့ အရေးတကြီး လည်းဖြစ်ပါတယ်။ အဆိုပါလေယာဉ်ပျက်ကျမှုမဖြစ်ခင် တစ်ပတ်မပြည့်မီကပဲ မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင် ဆူလ်တန် အစ္စကန်ဒါက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သက်တမ်း ၃၀ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန်လုပ် Black Hawk ရဟတ်ယာဉ်လေးစင်းကို လေတပ်အတွက် ငှားရမ်းအသုံးပြုဖို့ အစီအစဉ်ကို လေယာဉ်ကို “ပျံနေတဲ့ ခေါင်းတလား” သဖွယ် သဘောထားသလားလို့ နှိုင်းယှဉ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ခုလို ဘုရင်က မကြုံစဖူး ကြားဝင်စွက်ဖက်ခဲ့အပြီးမှာတော့ မလေးရှားအစိုးရက ကန်ဒေါ်လာ ၄၄ သန်းတန် ရဟတ်ယာဉ်တွေ ငှားရမ်းဖို့ စာချုပ်ကို ပယ်ဖျက်ခဲ့ပါတယ်။ ကွမ်တန်မြို့မှာ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက်မှာတော့ မလေးရှားရဲ့ကူဝိတ်မှ တစ်ပတ်ရစ် F/A-18 Hornet အစင်း ၃၀ (သက်တမ်းအားဖြင့် နှစ် ၃၀ ကျော်) ကို ဝယ်ယူဖို့ အစီအစဉ်မှာလည်း ဒီလိုကန့်ကွက်မှုကဖြစ်ပေါ်ရတော့မှာလို့ပဲ ဆိုရမှာပါ။
ဒီတော့ကာ မလေးရှားအစိုးရအနေနဲ့က ဘယ်လေယာဉ်ကို မှာယူမယ်ဆိုတာ ဆုံးဖြတ်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။
လက်ရှိမှာ မလေးရှားလေတပ်ဟာ ၁၉၉၇ ခုနှစ်က ရရှိခဲ့တဲ့ အမေရိကန်လုပ် F/A-18 Hornets ခုနစ်စင်း ၊ ၂၀၀၉ ခုနှစ်မှာ ရခဲ့တဲ့ ရုရှားလုပ် Su-30MKM Flankers ၁၈ စင်းနဲ့ ၁၉၉၅ ခုနှစ်မှာရခဲ့တဲ့ ယူနိုက်တစ် ကင်းဒမ်းနိုင်ငံလုပ် Hawk တိုက်လေယာဉ် ၁၈ စင်းတို့ကို အသုံးပြုနေပါတယ်။ လေယာဉ်သုံးမျိုးစလုံးကို ၂၀၄၀ ပြည့်နှစ်မှာ အနားပေးဖို့လည်းရှိပါတယ်။
မလေးရှားရဲ့ကူဝိတ်မှ တစ်ပတ်ရစ် F/A-18 Hornet လေယာဉ်တွေကို ဝယ်ယူဖို့ အစီအစဉ်ကလည်း လေယာဉ်အသစ်တွေအတွက် မဆုံးဖြတ်ရသေးခင် မရှိသုံး အစားထိုးတာမျိုးဖြစ်ပါလိမ့်မယ်။ အခုတော့ ဘယ်လေယာဉ်အသစ်ဝယ်မလဲဆိုတာကိုပဲ ဆုံးဖြတ်ရတော့မှာပါ။
တိုက်လေယာဉ်အသစ်တွေဝယ်ယူဖို့က မလေးရှားအစိုးရမှာ ရွေးချယ်စရာ နှစ်ခုရှိပါလိမ့်မယ်။ ပထမတစ်ခုက ထိုင်း နဲ့ ဖိလစ်ပိုင်တို့လို စျေးသက်သာပြီး ကိုယ်ပျောက်တိုက်လေယာဉ်တော့ မဟုတ်တဲ့ စတုတ္ထမျိုးဆက်တိုက်လေယာဉ်တွေ မှာမလား ဒါမှမဟုတ် အိမ်နီးနားချင်း စင်ကာပူနဲ့ အင်ဒိုနီးရှားတို့လို တန်ဖိုးကြီးတဲ့ ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်ကို မှာမလားဆိုတာပါပဲ။
မလေးရှား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလက်နော်ဒင် ရဲ့ ပြောကြားချက်အရဆိုရင်တော့ မလေးရှားအစိုးရဟာ မလေးရှားတော်ဝင်လေတပ်ကို ၂၀၄၀ ပြည့်နှစ်မှာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေနဲ့ အင်အားဖြည့်တင်းထားဖို့ စီစဉ်ထားတယ်ဆိုပါတယ်။ ဒါပေမယ့်လည်း အကန့်အသတ်နဲ့ပဲ ရွေးချယ်နိုင်မှု၊ ရရှိနိုင်မှုတွေက ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်လာရပါတယ်။။
အမေရိကန်ရဲ့ F-35 Lightning II ကို ကြိုးစားစမ်းသပ်မယ်ဆိုပါတော့။ ဒါပေမယ့် လေယာဉ်က ဈေးကြီးလွန်းတဲ့အပြင် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဂါဇာကို အစ္စရေးတို့ ကျူးကျော်မှုအပေါ် အမေရိကန်အစိုးရရဲ့ ထောက်ခံမှုကို ပြစ်တင်ရှုတ်ချမှုက နိုင်ငံရေးအရ အဆိပ်အတောက်ဖြစ်စေမှာပါ။
တစ်ခါ တရုတ်နိုင်ငံကလည်း ကိုယ်ပျောက် တိုက်လေယာဉ် နှစ်မျိုး ထုတ်လုပ်တာ တွေ့ရပါတယ်။ J-20 Chengdu က ရောင်းရန်မဟုတ်ပေမယ့် J-35 Shenyang ကတော့တရုတ်ရဲ့ ပြည်ပရောင်းချမှုပါ။ ဒါ ပေမယ့် တောင်တရုတ်ပင်လယ်တွင် တရုတ်နဲ့ တင်းမာမှုမြင့်တက်လာနေတဲ့ ရေကြောင်းပိုင်နက် အငြင်းပွားမှုမှာ မလေးရှားအနေနဲ့ အခက်အခဲအခြေအနေအတွင်း ပတ်သက်ပါဝင်နေလို့ J-35 ဝယ်ယူမှုကို အနည်းနဲ့အများ တားမြစ်ထားသလိုဖြစ်နေပါတယ်။
နောက်တစ်ခုအနေနဲ့ ရုရှားလုပ်လေယာဉ်တွေကလည်း ရွေးချယ်စရာတစ်ခုဖြစ်ပေမယ့် ခိုင်မာတိကျမှုတော့မရှိနိုင်ပါ။ ရုရှားအစိုးရအနေနဲ့ သူ့ရဲ့ Su-57 Felon ကို ပြည်ပ တင်ပို့ဖို့ မြှင့်တင်နေပါတယ်။ ဒါပေမယ့် Su-57 မှာ ကြီးမားတဲ့ ပြဿနာတွေ ရှိပါတယ်။ ၂၀၂၂ ခုနှစ်က ရုရှားမှ ယူကရိန်းကို မတိုက်ခိုက်မီကပင် Sukhoi ကုမ္ပဏီဟာ ဒီလေယာဉ်ကို အမှတ်စဉ် ထုတ်လုပ်မှုမှာ ထည့်သွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် (၂၀၂၀ ခုနှစ်မှ စတင်ကာနှစ်ဒါဇင်သာတည်ဆောက်ခဲ့ရသေးပါတယ်)။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပို့ကုန်ထိန်းချုပ်မှုတွေ တင်းကျပ်တာက အခက်အခဲအခြေအနေ ကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
ဒါ့ပြင် ရုရှားအမြန်ဂျက်လေယာဉ်တွေဟာ မလေးရှားမှာ နာမည်ပျက်ရတာတွေရှိပါတယ်။ မလေးရှားလေတပ်ဟာ Hornnets တိုက်လေယာဉ်တွေမတိုင်မီ နှစ်အနည်းငယ်ကသာ ဝယ်ယူခဲ့တဲ့ MiG-29s တိုက်လေယာဉ်တွေကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပြဿနာတွေနဲ့ အစောပိုင်းမှာ အနားပေးခဲ့ရတာပါ။
ဒီတော့ ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေနဲ့ အစားထိုးဖို့အစီအစဉ်မှာ မလေးရှားအတွက် တောင်ကိုရီးယားနဲ့ တူရကီတို့ရဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်နှစ်စင်းက ပိုကောင်းလေမလား စဉ်းစားစရာပါ။
Korean Aerospace Industries (KAI) မှ KF-21 Boramae ကို ထုတ်လုပ်ထားပါတယ်။ မလေးရှားလေ တပ်က ၂၀၂၃ ခုနှစ်မှာ KAI ကနေ အပေါ့စားတိုက်လေယာဉ် FA-50 ကို မှာယူခဲ့ပြီး မကြာမီမှာ ပျံသန်း မှုအတွေ့အကြုံကို ရရှိတောမှာဖြစ်လို့ Boramae ကိုရွေးချယ်ခြင်းက မလေးရှားအတွက် ယုတ္တိရှိတဲ့ ခြေလှမ်းလို့ ဆိုရမှာပါ။ ဒါ့အပြင် တောင်ကိုးရီးယားကာကွယ်ရေးကုမ္ပဏီတွေဟာ ဈေးနှုန်း၊ အရည်အသွေးနဲ့ လျင်မြန်သောပေးပို့မှုအချိန်တွေအတွက် နာမည်ကောင်းရထားပါတယ်။ အင်ဒိုနီးရှားဟာ အဆိုပါလေယာဉ်အတွက် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး လေယာဉ် ၄၈ စင်းကို မှာယူထားပါတယ်။
ဒါပေမယ့် မလေးရှားအနေနဲ့ သူ့ရဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်လိုအပ်ချက်အတွက် တူရကီကို ကူးပြောင်းသွားနိုင်ခြေ ပိုများတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တူရကီဟာ ကမ္ဘာ့လက်နက် ဈေးကွက်မှာ ဝေစု လျင်မြန်စွာ တိုးမြင့်လာခဲ့တာတွေ့ရပြီး မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေအကြားမှာတော့ အထူးအနှစ်သက်ဆုံးဖြစ်လာခဲ့ရပါတယ် (သူ့ရဲ့ထိပ်တန်းဖောက်သည်ဆယ်ဦးမှာ ကိုးဦးက မွတ်စလင်နိုင်ငံတွေဖြစ်ကြပါတယ်)။ မလေးရှားဟာ မကြာမီကလည်း တူရကီမှ မောင်းသူမဲ့လေယာဥ်တွေနဲ့ စစ်သင်္ဘောတွေ မှာယူခဲ့ပါသေးတယ်။
တူရကီအစိုးရက မလေးရှားနိုင်ငံကို မနှစ်က ပထမဆုံးပျံသန်းမှုပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ Kaan ကို ကမ်းလှမ်းခဲ့ပါတယ်။ ဇူလိုင်လမှာ အင်ဒိုနီးရှားဟာ ၂၀၃၀ ပြည့်လွန် အလယ်ပိုင်းနှစ်တွေမှာ ပို့ဆောင်မယ့် လေယာဉ် ၄၈ စီးအတွက် လက်မှတ်ထိုးကာ Kaan အတွက် ပထမဆုံးပြည်ပဖောက်သည်ဖြစ်လာခဲ့ပါတယ်။ အဆိုပါ လေယာဉ်ကို တူရကီနဲ့ အင်ဒိုနီးရှားတို့က ပူးတွဲထုတ်လုပ်မှာ ဖြစ်ပါတယ်။
Kaan က F-35 ထက် စျေးသက်သာပြီး Su-57 ထက် နည်းပညာအရ ပိုမိုအဆင့်မြင့်တယ်လို့ဆိုပါတယ်။ ပထဝီနိုင်ငံရေးအရ ချည်နှောင်ထားမှုလည်း မရှိနိုင်ပါဘူး။ အင်ဒိုနီးရှားလေတပ်နဲ့ နှစ်နိုင်ငံ ထုတ်လုပ်မှု၊ လေ့ကျင့်ရေးနဲ့ ပြုပြင်ထိန်းသိမ်းမှုစရိတ်တွေကို မျှဝေနိုင်လို့ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်မှုက မလေးရှားလေတပ်အတွက် အတွက် အပိုဆုကြေးတစ်ရပ်သဖွယ်ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် မလေးရှားက Kaan ကို ရွေးခဲ့ရင်တောင် လေယာဉ်အတွက် ပေးဆောင်ရန် ငွေရှာရာမှာ ပြဿနာရှိမှာပါ။ အင်ဒိုနီးရှားရဲ့ မှာယူမှုဆိုရင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့် တန်ဖိုးရှိပါတယ်။ ဒီမှာ ပူးတွဲထုတ်လုပ်ရေး၊ လက်နက်နဲ့ အပိုပစ္စည်းတွေပါ ထည့်ပေါင်းရင် လေယာဉ်တစ်စင်းကို အမေရိကန် ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ရှိပါတယ်။
ဒီဘက်မှာ မလေးရှားရဲ့ ကာကွယ်ရေးအသုံးစရိတ်ကတော့တိုးမလာဘဲ တန့်နေခဲ့တာပါ။ ကာကွယ်ရေးအတွက် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းသာ သုံးစွဲတာပါ။ သူ့ရဲ့ ၂၀၂၄ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆ ဘီလျံဖြစ်ပြီး စက်ပစ္စည်းအသစ်တွေအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံသာ ခွဲဝေသုံးစွဲခဲ့တာပါ။
မလေးရှားအနေနဲ့ သူ့ရဲ့ ကာကွယ်ရေးစရိတ်ကို ၂၀၃၀ ပြည့်နှစ်နောက်ဆုံးထားလို့ ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ဖို့ စီစဉ်နေပေမယ့် ဒါက တိုက်လေယာဉ်အသစ်တစ်မျိုးမျိုးအတွက် ပေးချေဖို့ လုံလောက်တဲ့ ဆောင်ရွက်မှုမဟုတ်ပါဘူး။ မလေးရှားလေတပ်ရဲ့ Hornets နဲ့ Flankers လေယာဉ်အုပ်တွေကို အစားထိုးဖို့ လိုအပ်တဲ့ လေယာဉ် ၃၆ စင်းအတွက် ပေးချေဖို့ဆိုရင် ပိုလို့မဖြစ်နိုင်ပါသေးတယ်။
မလေးရှားအဖို့ သူ့ရဲ့ အိမ်နီးချင်းတွေရဲ့ စစ်ရေးစွမ်းရည်ကို အမှီလိုက်ပြီး တရုတ်နိုင်ငံနဲ့ ပိုင်နက်ပိုင်ဆိုင်မှု တစ်ပြိုင်နက်တည်း တောင်းဆိုနေတဲ့ တောင်တရုတ်ပင်လယ်မှာ ယုံကြည်ရလောက်တဲ့ အဟန့်အတားကို ဖြည့်ဆည်းဖို့ဆိုရင် မလေးရှားလေတပ်အတွက် ငွေကြေးအမြောက်အမြားကို လျင်မြန်စွာ ရှာဖွေရမယ့် အခြေအနေရှိနေတာကြောင့် မလေးရှားလေတပ်အဖို့ ပဉ္စမမျိုးဆက် ကိုယ်ပျောက်လေယာဉ်တွေ အစားထိုးနိုင်ဖို့ဆိုတာ အတော့်ကိုမလွယ်ကူလှဘူးလို့သာ ဆိုပါရစေ။
Ref- CNA
