





၂၆.၉.၂၀၂၅
Written By Thandar
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၃၃ ကြိမ်မြောက် SEA Games ပြိုင်ပွဲမှာ Esports ကဏ္ဍအတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စေလွှတ်မယ့် Team တွေကို မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်က ယနေ့ စက်တင်ဘာ ၂၆ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Pan Pacific Hotel တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဖိတ်ကြားထားတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံကိုယ်စားပြု Team Zanaka ကစားသမားတွေ၊ မိတ်ဖက်ပါတနာတွေ၊ မီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။
“Team Zanaka က ထိုင်းနိုင်ငံမှာ ကျင်းပမဲ့ ၃၃ ကြိမ်မြောက် SEA Games ပြိုင်ပွဲ Esports ကဏ္ဍအတွက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့က တရားဝင်ရွေးချယ်ထားတဲ့ အသင်းတွေကို မိတ်ဆက်ပေးတာပါ။ Esports နဲ့ နိုင်ငံအဆင့်ကို မြှင့်တင်ဖို့ Esports လက်ရွေးစင် အားကစားသမားတွေကို ရိုးရာအားကစားတွေ အလားတူ လေးစားဂုဏ်ယူပြီး အသိအမှတ်ပြု၊ ပံ့ပိုးပေးရန်တို့မှာအဖွဲ့ချုပ်ရဲ့ အဓိက တာဝန်ယူ ဆောင်ရွက်ဖို့ ဦးတည်ချက်ဖြစ်ပါတယ်။ Team Zanaka က ဇနက္ကမင်းသားနဲ့ နှိုင်းယှဉ်ထားတာဖြစ်ပြီး ဇနက္က မင်းသားက ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတို့နဲ့ ကြိုးစားကူးခတ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည့်အတွက် ဇနက္က မင်းသားရဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ ဒီ ဇွဲလုံ့လအရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ဒါတွေက ကျွန်တော်တို့လူငယ်တွေရဲ့ အားကစားသမားတွေအတွက် လိုအပ် ချက်ဖြစ်တယ်။ ဒီလိုအပ်ချက်ပြယုဂ်တွေကို ထင်ဟပ်စေမယ့် ဇနက္ကသွေးတွေ စိတ်ဓာတ်တွေ ကျွန်တော်တို့ရဲ့ ကလေးတွေ စီးဝင်လာအောင်လို့ ပုံရိပ်ကောင်းတစ်ခုနဲ့ Team Zanaka ကို ပုံဖော်လိုက်တာပါ”လို့ ဒေါက်တာ ကောင်းမြတ်စံ(မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ)က MT Entertainment ကိုပြောပါတယ်။
အဆိုပါ SEA Games Esports ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွေကို ဇွန်လကနေ ဩဂုတ်လအထိ “National Esports Championship 2025″ ပြိုင်ပွဲကို ကြီးမှုးကျင်းပရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။
“National Esports Championship 2025” ပြိုင်ပွဲမှာ SEA Games တရားဝင်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ Mobile Legends Bang Bang Men, Mobile Legends Bang Bang Women, EA Sports FC Online ဆိုတဲ့ ဂိမ်းအမျိုးအစား ၃ ခုကိုထည့်သွင်းယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
