၂၆. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov နှင့် Roscosmos ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Roscosmos ရုံးချုပ်အဆောက်အဦသစ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။







ထို့နောက် Roscosmos ရုံးချုပ်အဆောက်အဦအတွင်း၌ Roscosmos မှ အာကာသအတွင်းသို့ လွှတ်တင်ထားသည့် ဂြိုဟ်တုပုံစံတူပြုလုပ်ပြသထားရှိမှုနှင့် ဂြိုဟ်တုပတ်လမ်းအတွင်း လွှတ်တင်ထားသည့် ဂြိုဟ်တုများနှင့် တိုက်ရိုက်ချိတ်ဆက်ထားရှိမှု ထိန်းချုပ်ခန်းတို့ကို လှည့်လည် ကြည့်ရှုလေ့လာကြပြီး “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ State Space Corporation “Roscosmos” ညွှန်ကြားရေးမှူးချုပ် တို့သည် အစည်းအဝေးခန်းမအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ အာကာသနည်းပညာနှင့် သက်ဆိုင်သည့် ပညာတော်သင်သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး “Roscosmos” ညွှန်ကြားရေးမှူးချုပ်နှင့်အတူ “Roscosmos” မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
