သက်တန့်
၂၆. ၉. ၂၀၂၅
ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ကျင်းပတဲ့ ONE Friday Fights -126 ပွဲစဉ်မှာ သက်ရှိမွေထိုင်းဂန္တဝင်လို့ တင်စားရမယ့် ထိပ်တန်းဖိုက်တာ Sam A နဲ့ ထိုင်းဖိုက်တာတွေချည်း အနိုင်ထိုးသတ်ပြီး ဘောနပ်စ် ဘတ် ၃၅၀၀၀၀ အမြဲလိုလိုရယူနေတဲ့ ရိုးရာကျား သွေးလင်းထက်တို့ ယှဉ်ပြိုင်ထိုးသတ်ရာမှာ
Sam A ဟာ ရော့ထန်၊ တာဝမ်ချိုင်း၊ စူပါလက်တို့လို ထိပ်တန်းဖိုက်တာဖြစ်တဲ့အပြင် မရဖူးတဲ့ ချန်ပီယံခါးပတ်မရှိသလောက်ဖြစ်နေတဲ့ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်ချန်ပီယံဟောင်းတစ်ဦးလည်းဖြစ်ပြီး ပွဲမစခင်မှာ Sam A က သွေးလင်းထက်ကို နောက်တစ်ကြိမ် မွေထိုင်းဖိုက်တာတွေ အနိုင်ယူခွင့်မပြုတော့ဘူးလို့ လေတိုက်ထားသလို Sam A ကို နိုင်ရင် သွေးလင်းထက်ကလည်း ဒေါ်လာတစ်သိန်းတန်စာချုပ်ကြီးရနိုင်မယ်လို့ ခန့်မှန်းခံထားရတာပါ။






ပွဲအစမှာ Sam A ဟာ အေးအေးဆေးဆေး သမ္ဘာနဲ့ထိုးသတ်နေပြီး သွေးလင်းထက်က အောက်ခြေကန်ချက်နဲ့တိုက်စစ်ဖွင့်ပါတယ်။ အသက် ၄၀ ပိုင်းမို့ သက်လုံချွေတာချင်တဲ့ Sam A ဟာ သူ့ Fight IQ ကို အားကိုးပြီး တစ်ချက်ကောင်းထိုးသတ်နေတာက သဘောကျဖို့ကောင်းပြီး သွေးလင်းထက်ကို ကြောင်က ကြွက်ကိုစသလို မထိတထိ ဆော့ပြနေတာက ပထမအချီမှာ သွေးလင်းထက်ကို အမှတ်အသာရတဲ့ပုံစံမို့ ပထမအချီက Sam A သာပါတယ်။
ဒုတိယအချီမှာ သွေးလင်းထက်က သူ့နာမည်ကျော် ပတ်တံတောင်နဲ့ရိုက်ရာမှာ အစတစ်ချက် မထိပေမဲ့ ဒုတိယအချက်မှာ Sam A တံတောင်ထိပြီး အမှတ်စဥ်အရေခံလိုက်ရပါတယ်။ အမှတ်စဥ်အရေခံထိပြီးနောက်မှာ မထူးဇာတ်ခင်းလာတဲ့ Sam A ထိုးတာကြမ်းလာပြီး သွေးလင်းထက် ရုပ်ပျက်ဆင်းပျက် ရှောင်နေရတာလည်း တွေ့ရပြီး ပွဲကြမ်းပါတယ်။ သွေးလင်းထက် နည်းနည်းရုပ်ပျက်ပေမဲ့ Sam A က အမှတ်စဥ်ရေခံရလို့ ဒုတိယအချီကတော့ သွေးလင်းထက်သာနိုင်တာပါ။
တတိယအချီအစမှာ အဆုံးအဖြတ်လိုဖြစ်နေလို့ ပွဲကြမ်းလာပြီး တစ်မိနစ် ဆယ်စက္ကန့်လောက်မှာ သွေးလင်းထက် ဘယ်ဖြောင့်လက်သီးချက်မိသွားပြီး အမှတ်စဥ်ပြန်အရေခံလိုက်ရပါတယ်။ တစ်ကြိမ်စီအရေခံရပြီးနောက်မှာ Sam A က ပွဲပြန်ထိန်းပြီး ပါးပါးနပ်နပ် ထိုးသတ်နေလို့ သွေးလင်းထက် လုပ်ရကိုင်ရခက်သွားပြီး ပိုပါးနပ်ပြီး သမ္ဘာသာတဲ့ Sam A ကို သွေးလင်းထက် ဒိုင်အဆုံးအဖြတ်မှာ အရှုံးပေးလိုက်ရပါတယ်။
