




၂၆. ၉. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov အား Radission Collection ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးရာတွင် မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲအပ်သွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါအဝင် နိုင်ငံတကာမှလည်း အသိအမှတ်ပြု အားပေးထောက်ခံလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို လမ်းပြမြေပုံများရေးဆွဲ၍ စဉ်ဆက်မပြတ် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်နှင့်အတူ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်နှင့် RC Investment Fund ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
