သက်တန့်
၂၁. ၉. ၂၀၂၅
ထိုင်းနိုင်ငံ၊ ဆကဲအိုပြည်နယ်၊ ကော့ခ်ဆွန်းရဲစခန်းမှ ရဲအရာရှိများသည် ငါးတန်းကျောင်းသူလေးတစ်ဦးကို သက်ငယ်မုဒိမ်းပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် အနုပညာဆရာတစ်ဦးကို ဘန်ကောက်တွင် ပုန်းအောင်းနေစဥ် ဖမ်းမိခဲ့သည်။
ဖြစ်စဥ်မှာ ယနေ့ စက်တင်ဘာ ၂၁ ရက်တွင် ဆကဲအိုပြည်နယ် ရဲတပ်ဖွဲ့ (ဒေသ ၂) ၏ ကော်မရှင်နာရဲမှူးချုပ် ရင့်ဂ်ရော့ သပ်ဂျမ်နွန်က ကော့ခ်ဆွန်းရဲစခန်းမှ ရဲမှူးကြီး ဆူသီပေါင် အင်သာစစ်နှင့် စုံစမ်းစစ်ဆေးရေးဒုရဲမှူးကြီး ခမ်ဆာ၀တ်ကွန်ရတ်တို့ကို လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှ စစ်ဆေးရေးမှူး ချာဒါ ဆီဆာ၀တ်နှင့် မြို့တော်ရဲတပ်ဖွဲ့ (ဒေသ ၃) မှ စစ်ဆေးရေးမှူး သန်ဖီရတ်ဆစ် ခူလာဖစ်ဟော့တို့နှင့်အတူ ကျုးလွန်သူကို ပူးပေါင်း ဖမ်းဆီးရန် အမိန့်ပေးခဲ့ကြောင်း၊ ထိုအမိန့်ပေးမှုအပေါ် ပူးပေါင်းဆောင်ရွက်သူတို့သည် ဆကဲအိုပြည်နယ် ကျောင်းတစ်ကျောင်းမှ အသက် ၄၉ နှစ်အရွယ် အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် အနုပညာဆရာ စမစ်(အမည်လွှဲ) အား ဖမ်းဆီးနိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးမှုသည် ဆကဲအိုပြည်နယ် တရားရုံး၏ ဖမ်းဝရမ်း (အမှတ် ၂၈၁/၂၅၆၈၊ စက်တင်ဘာ ၁၆၊ ၂၀၂၅ ရက်စွဲပါ) ကို အခြေခံ၍ မနေ့က (စက်တင်ဘာ ၂၀) ညနေ ၅ နာရီခွဲတွင် ဘန်ကောက်၊ ဘန်ကောက်နွိုင်မြို့နယ်ရှိ ဘန်ချက်ခ်ရှိ ကွန်ဒိုမီနီယံတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခြင်းမပြုမီ ကော့ခ်ဆွန်းရဲစခန်းမှ စုံစမ်းစစ်ဆေးသူများသည် ကော့ခ်ဆွန်းဒေသရှိ ငါးတန်းကျောင်းသူလေးတစ်ဦးကို ဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုလုပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခဲ့ကာ အထောက်အထားများ စုဆောင်းခဲ့သည်။
ကျူးလွန်သူဆရာသည် ငါးတန်းကျောင်းသူလေးကို ဆွဲဆောင်စည်းရုံးပြီး လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုများ၊ ပြုကျင့်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းအကြမ်းဖက်မှုသည် အလွန်ပြင်းထန်သဖြင့် ကလေးငယ်သည် ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်လကြာ ဆေးရုံတက်နေခဲ့ရသည်။
ဖမ်းဆီးစဥ်တွင် တရားခံသည် စွဲဆိုထားသည့် စွပ်စွဲချက်အားလုံးကို ဝန်ခံခဲ့သော်လည်း “ကလေးငယ်က သူ့ကိုအရင်ဆွဲဆောင်ခဲ့တာ” ဟု ငြင်းဆိုခဲ့သည်။
ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့က တရားခံ စမစ်အား ဥပဒေအရ အရေးယူဆောင်ရွက်ရန်အတွက် ကော့ခ်ဆွန်းရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိထံသို့ လွှဲပြောင်းပေးခဲ့သည်။
ခရိုင်ရဲတပ်ဖွဲ့ (ဒေသ ၂) ကော်မရှင်နာရဲမှူးချုပ်က ဤကဲ့သို့သော လုပ်ရပ်သည် ပြင်းထန်သော ရာဇဝတ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြစ်မှုကျူးလွန်သူသည် ဆရာဖြစ်သော်လည်း လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူတစ်ဦး၊ ရာဇဝတ်သားတစ်ဦးကဲ့သို့ ပြုမူခဲ့သည်။ ဤကဲ့သို့သောလူပုဂ္ဂိုလ်တစ်ဦးအား လွတ်လပ်စွာ လှည့်လည်သွားလာခွင့်ပြုပြီး ပြန်လည်ပြစ်မှုကျူးလွန်စေမည်မဟုတ်ဘဲ ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမည်ဖြစ်သည်။
ထို့အပြင် တရားခံ စမစ်အား “အသက် ၁၃ နှစ်အောက် ကလေးငယ်တစ်ဦးကို အကြမ်းဖက်ကာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု၊ ၎င်းတို့သည် ခင်ပွန်း သို့မဟုတ် ဇနီးမဖြစ်သော်လည်း သဘောတူညီသည်ဖြစ်စေ၊ မတူညီသည်ဖြစ်စေ၊ အသက် ၁၅ နှစ်အောက် ကလေးတစ်ဦးကို မဖွယ်မရာပြုလုပ်မှု၊ ကလေး၏မိဘများ၊ အုပ်ထိန်းသူများ သို့မဟုတ် စောင့်ရှောက်သူများထံမှ လိင်ပိုင်းဆိုင်ရာမဖွယ်မရာရည်ရွယ်ချက်ဖြင့် အသက် ၁၃ နှစ်အောက်ကလေးတစ်ဦးကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ခိုးယူမှုနှင့် အသက် ၁၅ နှစ်အောက်ကလေးတစ်ဦးကို ကလေးငယ်က သဘောတူသည်ဖြစ်စေ၊ မတူညီသည်ဖြစ်စေ မဖွယ်မရာရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်သွားမှု” စသည့် ပုဒ်မများဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref., The Thaiger
