၁၅.၉.၂၀၂၅.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်ရှိ ဘရိုမိုတောင်အနီးမှာ စက်တင်ဘာ ၁၄ ရက်က ဆေးရုံ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကြိုပို့လုပ်ပေးတဲ့ ခရီးသွားဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာမှာ လူ ရှစ်ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ခရီးသည် ၅၂ ဦးဟာ အရှေ့ဂျာဗားပြည်နယ်ရှိ ဂျမ်ဘာ နယ်မြေက ဘီနာ ဆီဟတ် ဆေးရုံမှ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ ဆွေမျိုးတွေဖြစ်တယ်လို့ Jakarta Globe သတင်းစာက ဖော်ပြခဲ့ပါတယ်။
သူတို့က ခရီးသွားတွေအကြား ရေပန်းစားတဲ့ ဘရိုမိုမီးတောင်အပန်းဖြေခရီးက ပြန်လာကြတာလည်း ဖြစ်ပါတယ်။
သေဆုံးသူရှစ်ဦးအနက် ခုနစ်ဦးကို မည်သူမည်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပြီလို့လည်း သိရပါတယ်။ သေဆုံးသူတွေက အသက် ခုနစ်နှစ်မှ ၃၉ နှစ်ကြားရှိကြပြီး သူတို့ထဲက သုံးဦးကတော့ မိသားစု တစ်စုတည်းကလည်း ဖြစ်ကြပါတယ်။
ပြည်နယ်အတွင်း၊ ပရိုဘိုလင်ဂိုခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါယာဉ်မတော်တဆမှုကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ အသက် ၅၉ နှစ်အရွယ် အယ်လ်ဘာရီလို့ သိရတဲ့ ယာဉ်မောင်းကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ယာဉ်က ဘရိတ်ပေါက်ချွတ်ယွင်းခဲ့တာလို့ သူက ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဘရိတ်ကို နင်းလိုက်ပေမယ့် အလုပ်မလုပ်ပါဘူး။ ဒီမှာကားကို လျှိုထဲ ထိုးကျမသွားဖို့ ထိတ်လန့်တကြားနဲ့ လမ်းဘေးအတားအဆီးတစ်ခုထဲကို ကွေ့ချလိုက်ရတယ်” လို့ ရဲတွေကို ပြောခဲ့တယ်လို့ Jakarta Globe က ဖော်ပြခဲ့ပါတယ်။
Antara သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘတ်စ်ကားဟာ လမ်းဘေးအတားအဆီးတန်းတစ်ခုကို တိုက်မိပြီး ဆိုင်ကယ်တစ်စီးနဲ့လည်း တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဘရိတ်ချို့ယွင်းမှု ဒါမှမဟုတ် တခြားစက်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ခရီးသည်တွေ သေဆုံးမှုတွေ ဖြစ်ခဲ့ရတယ်ဆိုတာ အတည်မပြုသေးပါဘူး။
အရှေ့ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့ရဲ့ တရားဥပဒေစိုးမိုးရေးဌာနခွဲ အကြီးအကဲ ဆက်ပ်တာ ဖာမန်စ်ယာ က ယာဉ်မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့ အဖွဲ့တစ်ဖွဲ့ ကဆန်းစစ် လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို အရှေ့ဂျာဗားရှိ ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ယာဉ်မတော်တဆမှုမှာ ဒဏ်ရာတွေရပြီး အသက်ရှင်ကျန်ရစ်သူ ၄၄ ဦးအနက် ၁၇ ဦးမှာ အလယ်အလတ်မှ အလွန်ပြင်းထန်တဲ့ ဒဏ်ရာတွေအထိရခဲ့ကြပြီး ကျန်ခရီးသည်တွေကတော့ အသေးအမွှားဒဏ်ရာတွေသာ ရခဲ့ကြတယ်လို့ သိရပါတယ်။
Ref- CNA
