နေမိုး
၁၅. ၉. ၂၀၂၅
ပြည်ပပြေး Exile မီဒီယာအဖြစ် ရပ်တည်နေသော DVB သတင်းဌာနက သတင်းမှားများ ရေးသားနေသည်ဟု အကြမ်းဖက်လက်နက်ကိုင်အဖြစ် သတ်မှတ်ခံထားရသည့် တအာင်းလက်နက်ကိုင် TNLA က စာထုတ်ပြောဆိုလိုက်သလို DVB သတင်းထောက်များအနေဖြင့်လည်း မြေပြင်ဆင်းလာ သတင်းရေးရန်ပါ ခေါ်ယူလိုက်သည်။
DVB သတင်းဌာန၏ အယ်ဒီတာချုပ်ကို လိပ်မူထားသော TNLA ၏ ယနေ့ ထုတ်ပြန်စာတွင် PSLF/TNLA၏ မြေပြင်နယ်မြေဒေသနှင့်သက်ဆိုင်သည့် သတင်းအကြောင်းအရာများအား ရေးသားဖော်ပြရာတွင် DVB သတင်းဌာနအနေဖြင့် သတင်းအမှားများ ရေးသားထုတ်လွှင့်ခဲ့ရာတွင် (၃)ကြိမ်ရှိပြီဖြစ်သည်ဟု ပြောဆိုထားသည်။
ထို သတင်းအမှားများမှာ (၁) ကျောက်မဲတွင် ရှမ်းပြည်မှတ်ပုံတင် မဟုတ်သူများကို TNLA ဖမ်းဆီးနေ၊ (၂) နောင်ချိုတွင် PDF တပ်ဖွဲ့များကို TNLA က ပြန်ဆုတ်ခိုင်းနေ၊ (၃) ကျောက်မဲမြို့နယ်၌ SSPP တပ်စခန်းကို TNLA တိုက်ခိုက် စသည့်သတင်းအမှားများ ရေးသားဖော်ပြခဲ့ပြီး DVB သတင်းဌာနက ထိုသို့ PSLF/TNLAနှင့် သက်ဆိုင်သည့်သတင်းအကြောင်းအရာများ ရေးသားဖော်ပြရာတွင် မြေပြင်အခြေအနေများ စုံစမ်းခြင်း၊ အတည်ပြုခြင်းမရှိဘဲ မြေပြင်အခြေအနေများနှင့် ကင်းကွာပြီး ရေးသားဖော်ပြခြင်းသည် မြေပြင်ရှိ ပြည်သူလူထုအတွက် ဆိုးကျိုးများဖြစ်ပေါ်စေသည့်အပြင် လက်နက်ကိုင်အဖွဲ့အစည်း များပြားသောဒေသဖြစ်သောကြောင့် မလိုလားအပ်သည့် နားလည်မှုလွဲမှားခြင်းများ လည်း ပေါ်ပေါက်စေသည်ဟု TNLA က ဆိုသည်။
ထိုကြောင့် DVB သတင်းဌာနအနေဖြင့် သတင်းအမှားဖော်ပြသည့် သတင်းများအား အမှားပြင်ဆင်ချက်များ ပြန်လည်ရေးသားရန်၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနှင့် သက်ဆိုင်သည့်သတင်းများ အတည်ပြုချက်ရယူရန်နှင့် မြေပြင်အခြေအနေများကို DVB သတင်းထောက်များကိုယ်တိုင် လာရောက်သတင်းစုံစမ်းရေးသားနိုင်ကြောင်း အသိပေးထားသည်။
အဆိုပါ သတင်းသုံးပုဒ်အနက် “ကျောက်မဲမြို့နယ်၌ SSPP တပ်စခန်းကို TNLA တိုက်ခိုက်” သတင်းကို DVB သတင်းဌာနတွင် မတွေ့ရှိရတော့သော်လည်း ကျန်သတင်းနှစ်ပုဒ်ကိုမူ ဆက်လက်ဖော်ပြထားသည်။ သို့သော် TNLA ၏ စွပ်စွဲချက်အပေါ် DVB သတင်းဌာနက မိမိတို့ထုတ်လုပ်သည့်သတင်း၏ မှန်ကန်မှုနှင့် အာမခံချက်ရှိမှုကို ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်အချိန်အထိ တုံ့ပြန်ဖြေရှင်းနိုင်ခြင်း မရှိသေးချေ။
