၁၅.၉.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မြောက်ကန်စောင်းတွင် ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို စောင်ဖြင့် ရစ်ပတ်ထုပ်ပိုးကာ လာရောက်စွန့်ပစ်ထားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၃၀ ခန့်အရွယ်ရှိပြီး ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးနေခြင်းဖြစ်ကာ လတ်တလောတွင် ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။
“လမ်းသွားလမ်းလာတွေက အလောင်းကို စတွေ့တာလို့ သိရတယ်။ ဗိုက်နဲ့ လက်မှာ ထိုးသွင်းဒဏ်ရာနဲ့ ပြတ်ရှဒဏ်ရာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
အသတ်ခံရသော အမျိုးသားအလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရကာ အဆိုပါ အမျိုးသား၏ ရုပ်အလောင်းကို ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက မိတ္ထီလာ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ကူညီခဲ့ကြောင်း သိရသည်။



