၁၅.၉.၂၀၂၅
Translated by Htwe Ko Tun
စပိန်နိုင်ငံတွင် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် Vuelta စက်ဘီးပြိုင်ပွဲ၏ နောက်ဆုံးအဆင့်အဖြစ် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက ပြိုင်ပွဲဝင်စက်ဘီးသမားများ မက်ဒရစ်မြို့အတွင်း ဝင်ရောက်၍ ပန်းဝင်ရမည့်အချိန်တွင် မက်ဒရစ်မြို့လယ်၌ ရဲတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုများဖြစ်ကာ လမ်းများပိတ်ဆို့ခဲ့၍ စက်ဘီးပြိုင်ပွဲကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ရာနှင့်ချီသော ပါလက်စတိုင်းလိုလားသည့် ဆန္ဒပြလူအုပ်ကြီးကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သလို ဆန္ဒပြသူများကလည်း လုံခြုံရေးအတားအဆီးများကို ဖယ်ရှားခဲ့ကြကာ စက်ဘီးပြိုင်ပွဲလမ်းကြောင်းပေါ်သို့ ပိတ်ဆို့ရွှေ့ထားခဲ့ကြသည်။
ထို့ကြောင့်လည်း သုံးပတ်ကြာကျင်းပလာခဲ့သည့် Vuelta စက်ဘီးပြိုင်ပွဲ၏ နောက်ဆုံးအဆင့်မှာ ပြိုင်ပွဲဝင်စက်ဘီးသမားများ ဖြတ်သွားမည့် လမ်းများအား ဆန္ဒပြသမားများက သိမ်းပိုက်ပိတ်ဆို့လိုက်အပြီး ထိုလမ်းများတစ်လျှောက် ချီတက်လာကြရာတွင် ပြိုင်ပွဲကို ရပ်တန့်လိုက်ရခြင်းဖြစ်သည်။
စက်ဘီးစီးသူများ အကြိမ်ပေါင်းများစွာ ဖြတ်သန်းရမည့် Gran Via လမ်းတွင် ဆန္ဒပြသူများက အတားအဆီးများကို ဖြိုဖျက်ကာလမ်းမတစ်လျှောက် ချီတက်ခဲ့ကြပြီး အချို့က အစ္စရေးနိုင်ငံကို သပိတ်မှောက်ရန် ကြွေးကြော်လာခဲ့ကြသည်။
ဒတ်ချ် စက်ဘီးပြိုင်ပွဲဝင်အသင်းဖြစ်သော Visma-Lease a Bike မှ ဒိန်းမတ်နိုင်ငံသား စက်ဘီးပြိုင်ပွဲဝင်သူ ဂျိုနာ့စ်ဗင်ဂီဂတ်ကို စက်ဘီးပြိုင်ပွဲတွင် အနိုင်ရရှိသူအဖြစ် ပြိုင်ပွဲစီစဉ်သူများက ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ကို ဖျက်သိမ်းခဲ့ရပြီးနောက် ကြေညာခဲ့သည်။
“ဆန္ဒပြသူတွေ ထောင်နဲ့ချီပြီး ပြည့်နှက်နေတဲ့ မက်ဒရစ်မြို့လယ်က အခြေအနေမှာ အနိုင်ရတဲ့သူကို ဆုချီးမြှင့်အခမ်းအနားကို ကျင်းပနိုင်ပါ့မလားဆိုတာ မသိရသေးပါဘူး။ ပြိုင်ပွဲကတော့ တရားဝင် ပြီးဆုံးသွားပါပြီ။ ဂျိုနာ့စ် ဗင်ဂီဂတ်ကတော့ အနိုင်ရဗိုလ်စွဲသူပါ” ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။
စပိန်အာဏာပိုင်များက အဆိုပါ ဆန္ဒပြပွဲတွင် ချီတက်ဆန္ဒပြသူ ခန့်မှန်းခြေ ၁၀၀,၀၀၀ ကျော်ရှိကြောင်း ပြောကြားခဲ့ကြသည်။
Ref , France 24




