◾️ ပို့ကုန်သွင်း/ကုန်လိုင်စင်များအတွက် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသည့် ကုန်စည်ဖြစ်ပါက ချက်ချင်းခွင့်ပြုပေးမည်ဖြစ်ပြီး Non-Automatic Licensing ဖြစ်ပါက နှစ်ရက်အတွင်း ခွင့်ပြုပေးမည်
၁၅. ၉. ၂၀၂၅
Written by Nyein Kyaw
နယ်စပ်ကုန်သွယ်ရေးနည်းလမ်း Border Trade Method ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်သို့ ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်အား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ ရက်စွဲပါ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ (၅/၂၀၂၅) ဖြင့် ဖြည့်စွက်ထုတ်ပြန်ထားသည်။


ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသော နယ်စပ်ကုန်သွယ်ရေးနည်းလမ်း Border Trade Method ဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်သို့ ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရာတွင် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းကို သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး စံပြုလုပ်ငန်းစဉ်၊ အပိုဒ် ၂၉ ပါ စကားရပ်ဖြင့် ဖြည့်စွက်ထုတ်ပြန်ထားမှုအား အသိပေးကြေညာထားသည်။
အသိပေးကြေညာချက်အရ ကုန်သွယ်ရေးဦးစီးဌာနသည် ကုမ္ပဏီများ၏ တင်ပို့သည့် ကုန်ပစ္စည်းသည် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသည့် ကုန်စည်ဖြစ်ပြီး အချက်အလက်များ ပြည့်စုံပါက စနစ်မှ အလိုအလျောက်စိစစ်၍ ချက်ချင်းခွင့်ပြုပေးမည်ဖြစ်ပြီး Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုသည့်ကုန်စည်ဖြစ်ပါက လိုင်စင်ပါအချက်အလက်များ ပြည့်စုံပါက နှစ်ရက်အတွင်း ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ထို့အတူ တင်သွင်းသည့် ကုန်ပစ္စည်းသည် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသည့် ကုန်စည်ဖြစ်ပြီး အချက်အလက်များ ပြည့်စုံပါက စနစ်မှ အလိုအလျောက်စိစစ်၍ ချက်ချင်းခွင့်ပြုပေးမည်ဖြစ်ပြီး Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုသည့် ကုန်စည်ဖြစ်ပါက လိုင်စင်ပါအချက်အလက်များ ပြည့်စုံပါက နှစ်ရက်အတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
