၁၅.၉.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်မှာ အဓိကအတိုက်အခံပါတီခေါင်းဆောင် အော့ဇ်ဂါအိုဇယ်လ်ကို ရာထူးမှ ဖယ်ရှားမယ့် တရားရုံးစီရင်ချက်မချမီမှာဘဲ စက်တင်ဘာလ ၁၄ ရက်မှာ လူထောင်ပေါင်းများစွာက မြို့တော်အတွင်း လှည့်လည်ဆန္ဒပြခဲ့ကြကာ သမ္မတ ရီဆက် အာဒိုဂန်ကို ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
အော့ဇ်ဂါ အိုဇယ်လ်က Republican People’s Party (CHP) ပါတီရဲ့ခေါင်းဆောင်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်မှာ ပြုလုပ်မယ့် တရားရုံးကြားနာချက်ကို လက်ရှိတူရကီအစိုးရရဲ့ အတိုက်အခံတွေကို ဆန့်ကျင်ဆောင်ရွက်တဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာသိမ်းမှုလို့ ပြောကြားရှုတ်ချခဲ့ပါတယ်။
တစ်နှစ်ခန့်ကြာအောင် အတိုက်အခံ CHP ပါတီ အဖွဲ့ဝင်တွေကို ရာနဲ့ချီလို့ ဥပဒေပိုင်းဆိုင်ရာ ဖြိုခွင်းနှိမ်နင်းမှုတွေပြုလာခဲ့အပြီးမှာတော့ စက်တင်ဘာလ ၁၄ ရက်က တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်မှာ တူရကီအလံတွေနဲ့ ပါတီနဖူးစည်းတွေကိုဝှေ့ယမ်းပြီး သမ္မတ ရီဆက် အာဒိုဂန်ကို ရာထူးမှနုတ်ထွက်ပေးဖို့ ပါတီထောက်ခံသူတွေက အန်ကာရာမြို့မှာ အော်ဟစ်ဆန္ဒပြခဲ့ကြတာ တွေ့ရပါတယ်။
ဆန္ဒပြလူအုပ်ကြီးက တရားရုံးကြားနာမှုအကြို အန်ကာရာမြို့အတွင်း တန်ဒိုဂန်ရင်ပြင်မှာ သူတို့ရဲ့ မနာခံ အံတုမှုကို ပြသတဲ့အနေနဲ့ စုရုံးဆန္ဒပြခဲ့ကြတာပါပဲ။ CHP ပါတီ ဒုတိယဥက္ကဋ္ဌ မူရတ် ဘာကန်က ဆန္ဒပြအင်အား လူ ၅၀,၀၀၀ ခန့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
စက်တင်ဘာလ ၁၀ ရက်က ပြုလုပ်တဲ့ လူထုဆန္ဒပြပွဲ မိန့်ခွန်းမှာ CHP ခေါင်းဆောင် အော့ဇ်ဂါ အိုဇယ်လ်က ပြည်သူတွေက ပါတီကို ဖြိုခွင်းမယ့် တရားစီရင်ရေးဆိုင်ရာ အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ စုဝေးခဲ့ကြတာလို့ပြောခဲ့ပြီး စက်တင်ဘာလ ၁၅ ရက် တရားရုံးကြားနာမှုကို ရည်ညွှန်းပြီး သူ့ကိုပါတီခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချခံရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီအစိုးရဟာ ဒီမိုကရေစီကို မလိုချင်ဘူး။ ဒီမိုကရေစီရှိရင် ရွေးကောက်ပွဲမှာ သူတို့အနိုင်မရနိုင်ဘူးဆိုတာ သူတို့သိပါတယ်။ ဒီတော့ သူတို့က တရားမျှတမှုကို မလိုချင်ဘူး။ တရားမျှတမှုရှိရင် သူတို့ရဲ့ ရာဇ၀တ်မှုတွေကို ဖုံးဖိနိုင်မှာမဟုတ်ဘူးဆိုတာ သိကြတယ်” လို့ အိုဇယ်လ်က ဆန္ဒပြလူစုကြီးကို ပြောခဲ့ပါတယ်။
အဆိုပါအမှုကို သူက “နိုင်ငံရေးအရ ဒီစွပ်စွဲမှုတွေက ဆဲရေးနေတာတွေပါပဲ။ ဒါက အာဏာသိမ်းမှုပါ။ ဒီတော့ ကျွန်တော်တို့ တွန်းလှန်ရမှာပါ “လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အိုဇယ်လ်က” ကံမကောင်းတာက အစိုးရကို ဒီမိုကရေစီနည်းကျ ခြိမ်းခြောက်မှုပြုရင် ဘယ်သူမဆို အခုအခါမှာ အစိုးရရဲ့ ပစ်မှတ်ဖြစ်မယ်ဆိုတာပဲ” လို့ ပြောခဲ့ပါသေးတယ်။
Ref- DW



