၁၅.၉.၂၀၂၅
Written by Hey Mar
အဝေးပြေးခရီးသည်တင်ယာဉ်ပေါ်ကနေ ဆင်းပြီး ကားလမ်းတစ်ဖက်ခြမ်းကို ဖြတ်ကူးတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ယာဉ်တိုက်ခံရကာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ဒီနေ့မနက် ၆ နာရီဝန်းကျင်က အမှတ်(၃)လမ်းမ၊ PT Power ဆီဆိုင်ရှေ့မှာ ယာဥ်တိုက်ခံရတဲ့ အမျိုးသမီးကြီးက အဝေးပြေးကားပေါ်ကဆင်းပြီး လမ်းဖြတ်ကူးစဉ် ဖယ်ရီကားက ဝင်တိုက်မိတာကြောင့် ဦးခေါင်းပြင်းထန်ဒဏ်ရာ၊ ဆီးအိမ်ကွဲတဲ့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေလို့ သိရပါတယ်။
ဖယ်ရီကားမောင်းတဲ့ ယာဉ်မောင်းကတော့ နေရာကနေတိမ်းရှောင်ထွက်ပြေးသွားပြီး ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးကြီးကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က လူမှုကူညီရေးအသင်းယာဉ်နဲ့ မြောက်ဥက္ကလာ မေဓာဝီဆေးရုံကို တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ရှေးမနှောင်းမှာပဲ အဆိုပါအဝေးပြေးကားနဲ့လိုက်ပါလာတဲ့ ခရီးသည်တွေထဲက အသက် ၆၀ ကျော် အမျိုးသားကြီးတစ်ဦးကလည်း ဆီဆိုင်အရောက် အပေါ့စွန့်ဖို့ ကားအောက်ဆင်းစဉ် လဲကျခဲ့ပြီး ခန္ဓာကိုယ်လှုပ်ရှားလို့မရဘဲ လေဖြတ်တဲ့ဝေဒနာမျိုး ခံစားနေရတာကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့က မိသားစုနဲ့ ချိတ်ဆက်ကူညီကာ မြောက်ဥက္ကလာပဆေးရုံဆီ ပို့ဆောင်ပေးခဲ့ရသေးတယ်လို့ သိရပါတယ်။


