၁၅. ၉. ၂၀၂၅
Written by Nay Moe
ကြို့ပင်ကောက်မြို့နယ်မှ PDF ထောက်ပို့ ညိုချောဆိုသူကို PDF အချင်းချင်း မပြေလည်၍ PDF တို့ကပင် ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာနေ ဦးသက်မောင် (ခ) ညိုချော(၄၅)နှစ်သည် ကြို့ပင်ကောက်မြို့မှ ၎င်း၏နေအိမ်သို့ ကြို့ပင်ကောက်-အလယ်ကုန်းကျေးရွာသွား ကားလမ်းအတိုင်း မော်တော်ယာဉ်ဖြင့် မောင်းနှင်ပြန်လာစဉ် ကြို့ပင်စခန်းကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် PDF နှစ်ဦးက မော်တော်ယာဉ်အား ရပ်တန့်ခိုင်း၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးသက်မောင်(ခ)ညိုချောတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးသက်မောင်(ခ)ညိုချောသည် PDF အဖွဲ့များအား ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ပေးနေသူဖြစ်ပြီး ၎င်းနှင့် အကြမ်းဖက်အဖွဲ့များအကြား မပြေလည်မှုရှိ၍ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်၍ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
