◾ ယခုနှစ် ဩဂုတ်လအထိ စာရင်းများအရလည်း အကြမ်းဖက်အဖွဲ့များက လမ်း/တံတား ၁,၃၀၆ ခု၊ ဆေးရုံ ဆေးခန်း ၇၈ ခု၊ စာသင်ကျောင်းနှင့်ပညာရေးအဆောက်အဦ ၈၃၇ ခု ဖျက်ဆီးခဲ့
◾ လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက်အစည်းအဝေးကာလအတွင်း ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့်အဖွဲ့တို့၏ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ စိတ်ပျက်မိဟု မြန်မာနိုင်ငံ တုံ့ပြန်
MT News
၁၂. ၉. ၂၀၂၅
နွေဦးတော်လှန်ရေးအစမှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦး အသက်ဆုံးရှုံးခဲ့ရသလို ယခုနှစ် ဩဂုတ်လအထိ စာရင်းများအရလည်း အကြမ်းဖက်အဖွဲ့များက လမ်း/တံတား ၁,၃၀၆ ခု၊ ဆေးရုံ ဆေးခန်း ၇၈ ခု၊ စာသင်ကျောင်းနှင့်ပညာရေးအဆောက်အဦ ၈၃၇ ခု ဖျက်ဆီးခဲ့သည်ဟု လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက်အစည်းအဝေးကာလအတွင်း ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့်အဖွဲ့တို့၏ ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ စိတ်ပျက်မိကြောင်း စက်တင်ဘာ ၁၁ ရက်တွင်မြန်မာနိုင်ငံ၏ကိုယ်စား ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ ၏ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက တုံ့ပြန်ချက်၌ ဖော်ပြထားမှုအရ သိရသည်။
ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၆၀) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့်အဖွဲ့၏ အစီရင်ခံစာတို့အပေါ် ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှုကို သက်ဆိုင်သည့်နိုင်ငံမှ ကိုယ်စားလှယ်အား ပါဝင်ခွင့်မပြုဘဲ ၈-၉-၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သည့် လုပ်ပိုင်ခွင့်များကို ဆန့်ကျင်သည့် ရပ်တည်ချက်ကြောင့် IIMM ဆိုသည့်အဖွဲ့ကို စတင်တည်ထောင်စဉ်ကတည်းကပင် အသိအမှတ်ပြု လက်ခံခဲ့ခြင်း မရှိပါ။ ထို့ပြင် IIMM သည် ၎င်း၏ ယုတ္တိမတန်သော ဖွဲ့စည်းမှုပုံစံများ၊ လုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် ရာထူးသက်တမ်းများသည် ကိစ္စရပ်ကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ကိုင်တွယ်ဖြေရှင်းမည့်အစား ပံ့ပိုးကူညီသူအလှူရှင်များက လိုလားသည့်ပုံစံများ ရောက်ရှိစေရန် ပုံဖော်ဖန်တီးထားခြင်းဖြစ်သည်။
ကုလသမဂ္ဂတွင် ရန်ပုံငွေ အကျပ်အတည်း ဖြစ်ပေါ်နေသည့်ကြားမှ IIMM ဆိုသည့် ယန္တရားသည် သက်တမ်း အကန့် အသတ်မရှိဘဲ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ရရှိသုံးစွဲလျက်ရှိသည်။ ထို့ပြင် ၎င်းအဖွဲ့သည် ထပ်ဆောင်းဘတ်ဂျက်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၃.၉ သန်း ရရှိခဲ့သည်။
နိုင်ငံရေးသွတ်သွင်းခံထားရသည့် IIMM ဆိုသည့် ယန္တရားအပေါ် ကြပ်မတ်ထိန်းကွပ်သည့် အဖွဲ့မရှိခြင်းကြောင့် ၎င်း၏ လွတ်လပ်စွာ ဆောင်ရွက်မှုများမှာလည်း အာမခံချက်မရှိသည့် ဆောင်ရွက်ချက်များသာ ဖြစ်သည်။ အဆိုပါ IIMM ဆိုသည့်ယန္တရားတွင် ရေရာသေချာသည့် ဦးစားပေးမှုနှင့် ဦးတည်ချက် အတည်တကျမရှိသည်ကို ကြည့်ခြင်းအားဖြင့် အမှန်တရားကို ရှာဖွေခြင်းထက် မြန်မာနိုင်ငံအား ဖိအားပေးရန် ရည်ရွယ်ကြောင်း ထင်ရှားစွာ ပြသလျက်ရှိသည်။ ယခုအခါတွင် အကျဉ်းထောင်အရာရှိများကို ပစ်မှတ်ထားလျက်ရှိသည်။
အစီရင်ခံစာများတွင် PDF အကြမ်းဖက်အဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်မှု၊ တိုက်ခိုက်မှုနှင့် အခြေခံအဆောက်အဦများကို ဖျက်ဆီးမှုတို့ကို ဖော်ပြထားခြင်း မရှိဘဲ ယင်းတိုက်ခိုက်မှုများကို တန်ပြန်တုံ့ပြန်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များကိုသာ ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် များစွာစိတ်ပျက်မိသည်။ အလားတူ ပြည်သူ့ဝန်ဆောင်မှုများကို သိမ်းယူခြင်း၊ ငွေညှစ်ခြင်း၊ သဘာဝအရင်းအမြစ်များ ရရှိမှုနှင့် ကုန်သွယ်မှုလမ်းကြောင်းများကို ထိန်းချုပ်ခြင်းတို့ဖြင့် ဒေသခံလူထုအပေါ် ချုပ်ကိုင်လျက်ရှိသည့် လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများကို ရှင်းလင်းပြောကြားထားခြင်း မရှိပါ။ ထိုသို့သော လုပ်ရပ်များနှင့်စပ်လျဉ်း၍ ခိုင်မာသော သက်သေအထောက်အထားများရှိသော်လည်း အစီရင်ခံစာတွင် လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို လျှော့ပေါ့၍ ဖော်ပြထား သည်ကိုတွေ့ရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦး အသက်ဆုံးရှုံးခဲ့သည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အကြမ်းဖက်အဖွဲ့များက လမ်း/တံတား ၁,၃၀၆ ခု၊ ဆေးရုံ ဆေးခန်း ၇၈ ခု၊ စာသင်ကျောင်းနှင့်ပညာရေးအဆောက်အဦ ၈၃၇ ခု ဖျက်ဆီးခဲ့သည်။
တပ်မတော်အနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အဓိကတာဝန်ရှိသည့်အတွက် ထိတွေ့မှုစည်းမျဉ်းများနှင့်အညီ လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ဝေးလံခေါင်သီသော ဒေသများတွင်ပါ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ မကြာသေးမီက ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့တွင် ဒေသခံပြည်သူများ နေရပ်ပြန်လည်ဝင်ရောက်လာခြင်းသည် နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ထားရှိသည့် ၎င်းတို့၏ ယုံကြည်မှုကို ထင်ဟပ်စေသည်။
မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းလျက်ရှိရာ အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်ကိုအခြေခံ၍ အစိုးရသည် PDF အဖွဲ့များ အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများကို တရားဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်အထိ ၁,၁၀၄ ဦးသည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် တပ်မတော်က ၂၀၁၈ ခုနှစ်မှစတင်၍ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုကြေညာချက်များ ထုတ်ပြန်ခဲ့ရာ ယနေ့ အချိန်ထိ ၂၇ ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
အစိုးရအနေဖြင့် ကုလသမဂ္ဂဘက်မှတောင်းခံသည့်အချက်အလက်များကို ပေးအပ်လျက်ရှိသော်လည်း ၎င်းတို့ကို ထည့်သွင်းခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် သတင်းများကိုသာ ထည့်သွင်း ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။ ဥပမာအားဖြင့် အစီရင်ခံစာ၏ စာပိုဒ် ၉ တွင် မီဒီယာအစီရင်ခံစာများကို စိစစ်ရန် ပျက်ကွက်ခဲ့မှုကို ဝန်ခံထားသော်လည်း စိစစ်ထားခြင်း မရှိသည့် အချက်အလက်များကို ထည့်သွင်းထားသည်။ လုပ်ပိုင်ခွင့်ရရှိထားသူများအနေဖြင့် အချက်အလက်များကို တတ်နိုင်သမျှ အကောင်းဆုံးစိစစ်ရန် တာဝန်ရှိမှုကို ဆန့်ကျင်လျက်ရှိခြင်း ဖြစ်သည်။ အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းကွင်းရွာရှိ စာသင်ကျောင်းအပေါ် လေကြောင်းတိုက်ခိုက်မှုဆိုသည်ကို ထည့်သွင်းဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် မေလသည် နွေရာသီကျောင်းပိတ်ရက် ကာလဖြစ်သောကြောင့် စာသင်ကျောင်းတွင်း၌ ဆရာ/ ဆရာမများနှင့် ကျောင်းသားများ ရှိနေသည်ဆိုခြင်းမှာ ယုတ္တိမရှိပေ။ ယင်းအဖြစ်အပျက်၏ ဓာတ်ပုံများတွင် ကျောင်း၏ နံရံလေးဖက်စလုံး အကောင်းပကတိရှိနေခြင်းနှင့် ဗီရိုများ၊ နံရံကပ်ပိုစတာများနှင့် ပန်းအိုးများပင် ထိခိုက်မှုမရှိခြင်းကို တွေ့မြင်နိုင်သည်။ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းမရှိဟု အတည်ပြုပြောကြားခဲ့ပြီး ယင်းအဖြစ်အပျက်မတိုင်မီတွင် အဆိုပါစာသင်ကျောင်းအတွင်း၌ အကြမ်းဖက်သမားများက လက်လုပ်ပေါက်ကွဲရေးပစ္စည်းများ ပြုလုပ်လျက်ရှိသည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည့်အခါ ရပ်နီးရပ်ဝေးမှ နိုင်ငံများက မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်မှုကို ပြသခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့များစေလွှတ်ခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်၍ ထောက်ပံ့အားပေးခဲ့ကြသည်။ အစိုးရအနေဖြင့် ငလျင်ဘေးဒဏ်ကို တုံ့ပြန်ရန်အတွက် ပြည်တွင်းမှ အင်အားများကို ဖြန့်ကျက်ခဲ့သည့်အပြင် ကူညီသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ခရီးသွားလာမှုအပါအဝင် ကူညီကယ်ဆယ်မှုများ အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများကို လက်ခံသော်လည်း လက်နက်ကိုင် အတိုက်အခံအဖွဲ့များ၏ အချက်အလက်မမှန်ကန် လိုရာဆွဲပြောကြားမှုများကိုသာ ဖော်ပြခဲ့ခြင်းသည် သင့်လျော်ခြင်း မရှိပါ။ ရခိုင်အရေးနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်မှ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှု၏ အဓိက အကြောင်းရင်းမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် ARSA ခေါ် Aquamul Mujahideen အဖွဲ့က အပြစ်မဲ့ပြည်သူများနှင့် ဘာသာမတူသူများအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်သာဖြစ်သည်။ လက်ရှိအချိန်တွင် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးနေရခြင်းမှာ ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးအခြေအနေများ သင့်တော်ကောင်းမွန်သည့်အချိန်တွင် စိစစ်ပြီး နေရပ်စွန့်ခွာသူများအားလုံးကို ပြန်လည်လက်ခံရန် အသင့်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ အသုတ် ၆ သုတ်ခွဲ၍ ပေးပို့ထားသည့် နေရပ်စွန့်ခွာသူ ၈ သိန်းကျော်၏ အချက်အလက်များကို ဆက်လက်စိစစ်လျက်ရှိသည်။ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ နေရပ်စွန့်ခွာသူ ၂၉၇,၆၈၇ ဦး၏ အချက်အလက်များကို စိစစ်ခဲ့ပြီး ၎င်းတို့အနက် ၂၁၁,၀၅၈ ဦးသည် ရခိုင်ပြည်နယ်၌ နေထိုင်ခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့ရသည်။
စိစစ်တွေ့ရှိမှုအသေးစိတ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆက်လက်ပေးပို့ အကြောင်းကြားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အစိုးရအနေဖြင့် ဘင်္ဂါလီများအတွက် လူသားချင်းစာနာမှု အထောက်အပံ့များကို စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ပေးအပ်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ ဥပဒေရေးရာနှင့် သမိုင်းမှတ်တမ်းများတွင် မည်သည့်အခါကမှ ရှိခဲ့ခြင်း မရှိသည့် “ရိုဟင်ဂျာ”ဟူသော ဖန်တီးထားသည့်အမည်ကို အသိအမှတ်မပြုသည့် ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုသည်။ မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို ထိခိုက်စေသည့် တောင်းဆိုမှုများကို လက်ခံသွားမည် မဟုတ်ပါ။
ယခုနှစ်တွင် လူ့အခွင့်အရေးကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ အပြန်အလှန် ဆွေးနွေးမှု ၆ ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့အနက် ၄ ခုကို ပေါင်းစပ်အပြန်အလှန်ဆွေးနွေးမှု ၂ ခု အဖြစ် ပေါင်းစည်းခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိပြည်သူများအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုစနစ်၏ ထိရောက်မှုအား မေးခွန်းထုတ်မှု ပိုမိုမြင့်တက်လာချိန်တွင် လုပ်ပိုင်ခွင့်ရှိသူများ၏ ကောက်ချက်နှင့် အကြံပြုချက် အချို့သည် နိုင်ငံများ၏ အာရုံစိုက်သင့်သည့် အဓိကပြဿနာများကို လမ်းလွဲစေခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မဟာမင်းကြီး၊ IIMM ဆိုသည့်ယန္တရားနှင့် ကိုယ်စားလှယ်အဖွဲ့အချို့၏ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များနှင့် ဝင်ရောက်စွက်ဖက်သည့် အကြံပြုချက်များကို ပြတ်သားစွာ ပယ်ချသည်။ ဤကဲ့သို့သော သင့်လျော်မှုမရှိ မလိုအပ်ဘဲ ဆက်လက်တည်ရှိနေသည့် လုပ်ပိုင်ခွင့်များအား ဆက်လက်ထားရှိရန် မလိုအပ်ဟု ရှုမြင်သည်ဟုလည်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တုံ့ပြန်ထားသည်။
