
MT News
၇. ၅. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့လျှင် အနည်းဆုံး ၁၆ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ရည်ရွယ်ထားသော်လည်း ဓာတ်အားလိုင်းအပြစ်ဖြစ်မှုနှင့် ဝန်အားထိန်းညှိရမှုကြောင့် အနည်းဆုံး ၁၃ နာရီခန့်မှ အများဆုံး နာရီ ၂၀ ခန့်အထိ ဖြန့်ဖြူးပေးနေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ ယနေ့တွင် အသိပေးတင်ပြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူး ပေးနိုင်ရန် အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့မှ စ၍ အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်ထိ နေ့စဉ် လျှပ်စစ်ဓာတ်အား ယူနစ် (၅ ဒသမ ၆၀၆) သန်း တိုးတက် ဖြန့်ဖြူးပေးနိုင်သည်အထိ စီမံဆောင်ရွက်နိုင်ခဲ့ပြီး၊ တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ယူနစ် (၆၅) သန်းခန့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုကဲ့သို့ တိုးမြင့်ရရှိသည့် လျှပ်စစ်ဓာတ်အားများအနက် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလ ဖြန့်ဖြူးထားသည့် ယူနစ် သန်း(၃၀)အပြင် ထပ်မံ ခွဲဝေရရှိလာသည့် ယူနစ် (၂)သန်းအား တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများသို့ တိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိသည်ဟု သိရသည်။
သို့ဖြစ်၍ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ မြို့နယ်/မြို့များအသီးသီးသို့ တစ်နေ့ လျှင် အနည်းဆုံး (၁၆) နာရီခန့် ဖြန့်ဖြူးပေးရန် ဖြစ်သော်လည်း ဓာတ်အားလိုင်းများ အပြစ် ဖြစ်ပေါ်ခြင်း၊ ည ၉ နာရီမှ ၁၀ နာရီအချိန်အတွင်း ဝန်အား ရုတ်တရက် တက်လာချိန်များတွင် ဝန်အားထိန်းညှိရခြင်းတို့ကြောင့် အနည်းဆုံး (၁၂)နာရီ (၅၆)မိနစ်မှ အများဆုံး (၂၀)နာရီခန့်အထိ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။
သို့သော် ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများအား အချိန်ပြည့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပြီး၊ ရုံးပိတ် ရက်များတွင် အများပြည်သူသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။
