





၇.၅.၂၀၂၆
Written by Linn Eain
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း နေပြည်တော်အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ မေ ၇ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နေပြည်တော်နှင့်ပတ်သက်သည့် သန်းခေါင်စာရင်းအချက်အလက်များကို မူဝါဒများ၊ စီမံကိန်းရေးဆွဲသူများ၊ အချက်အလက်အသုံးပြုသူများ အကျိုးရှိရှိ အသုံးပြုနိုင်ရေးအတွက်နေပြည်တော်အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတကာအကူအညီမပါဘဲ နိုင်ငံတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာငွေအရင်းမြစ်များဖြင့် အခက်အခဲ၊ စိန်ခေါ်မှုများကြားမှအားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှု စွမ်းအားများဖြင့် အောင်မြင်အောင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ နိုင်ငံတော်အတွက် သမိုင်းမှတ်တိုင်တစ်ခု မှတ်ကျောက်စိုက်ထူနိုင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ နေပြည်တော်အစီရင်ခံစာထုတ်ပြန်နိုင်မှုနှင့်အစီရင်ခံစာပါ အချက်အလက်များကိုအခြေခံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကသန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များအပေါ် အခြေခံကာ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရေးနှင့် နေပြည်တော်အစီရင်ခံစာနှင့်ပတ်သက်၍ ဖော်ထုတ်ရရှိနိုင်မည့် အခြေအနေများကိုရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က သန်းခေါင်စာရင်းဆိုင်ရာ နေပြည်တော်အစီရင်ခံစာများကိုလွှဲပြောင်းပေးအပ်ရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
