သက်တံ့
၇. ၅. ၂၀၂၆
ဘရာဇီးနိုင်ငံမြောက်ပိုင်း၊ အေခါပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အင်္ဂါနေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာမှ အမျိုးသမီး ၂ ဦး သေဆုံးပြီး အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးအပါအဝင် အခြား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပြည်နယ်မြို့တော် ရီယိုဘရန်ကို (Rio Branco) ရှိ Instituto Sao Jose အစိုးရကျောင်းအတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးက ဝန်ခံခဲ့သည်ဟု ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူ ၂ ဦးမှာ ကျောင်းဝန်ထမ်းအမျိုးသမီးများဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားဝန်ထမ်းတစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ် ကျောင်းသူတစ်ဦးမှာ သေနတ်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရသည်။ ကျောင်းသူလေးမှာ ခြေထောက်တွင် သေနတ်ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များက သေဆုံးသူများ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ သံသယရှိသူကျောင်းသားအား ဖမ်းဆီးထားပြီး ၎င်းသည် အုပ်ထိန်းသူပိုင်ဆိုင်သည့် တရားဝင် လိုင်စင်ရသေနတ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါသေနတ်မှာ ကျောင်းသား၏ ပထွေးဖြစ်သူပိုင်ဆိုင်ခြင်းဖြစ်ပြီး ၎င်းကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ကျောင်းအုပ်ကြီးရုံးခန်းသို့ သွားရာစင်္ကြံလမ်းတွင် အဆိုပါကျောင်းသားက သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့သည်။
ကျောင်းနှင့်ကပ်လျက်ရှိ ဟိုတယ်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၁၉ နှစ်အရွယ် အက်ဒူယာဒိုက “ခြံစည်းရိုးတံတိုင်းက ၆ မီတာလောက် မြင့်ပါတယ်။ တစ်ယောက်ပဲ ကျော်တက်နိုင်ပြီး ဟိုတယ်ထဲမှာ ခိုလှုံခွင့်ရခဲ့တယ်။ ကျန်တဲ့သူတွေကတော့ လွတ်မြောက်ဖို့အတွက် ကျောင်းခေါင်မိုးပေါ်အထိ တက်ပြေးခဲ့ကြရတယ်” ဟု ပြောပြကာ သေနတ်သံများနှင့် အော်ဟစ်သံများစွာ ကြားခဲ့ရကြောင်း ဆိုသည်။
ယခုဖြစ်စဉ်ကြောင့် ပြည်နယ်အတွင်းရှိ ကျောင်းများအားလုံးကို ၃ ရက်ကြာ ပိတ်ထားမည်ဖြစ်ပြီး ကျောင်းသားများနှင့် ဆရာများအတွက် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုအဖွဲ့များကို စေလွှတ်ထားကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ပညာရေးအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာနေသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာအတွင်းကလည်း စီအာရာပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် ဆယ်ကျော်သက် ၂ ဦး ပစ်သတ်ခံခဲ့ရသလို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ဆော်ပေါ်လိုရှိ ကျောင်းတွင် ပစ်ခတ်မှုကြောင့် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ၂၀၂၃ ခုနှစ် ဧပြီလအတွင်းကလည်း စန်တာကတ်တာရီနာပြည်နယ်ရှိ မူကြိုကျောင်းတစ်ခုအတွင်းသို့ လူတစ်ဦး ဝင်ရောက်ကာ အသက် ၃ နှစ်မှ ၇ နှစ်အရွယ် ကလေး ၄ ဦးကို ပုဆိန်ဖြင့် ခုတ်သတ်ခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
Ref: CBS News/AP/AFP
