MT News
၁၀. ၉. ၂၀၂၅
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်၏လေဆိပ်သစ်ဖြစ်သည့် တီချိုနိုင်ငံတကာလေဆိပ် (TIA) တွင် စက်တင်ဘာ ၉ ရက်၌ တရားဝင်လုပ်ငန်းဆောင်ရွက်မှုများစတင်လိုက်ပြီး အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်လာခဲ့သည်။


တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော်ကွမ်ကျိုးမှ ပျံသန်းလာသည့် Air Cambodia ၏ စီးပွားရေးလုပ်ငန်းသုံးလေယာဥ်သည် စက်တင်ဘာ ၉ ရက် နံနက်တွင်TIA ၌ ပထမဆုံးဆင်းသက်ခဲ့ရာ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak နှင့် မြို့ပြလေကြောင်းပို့ဆောင်ရေးဌာနအတွင်းဝန် Mao Havannall တို့က ရေစင်ဖျန်းပက်ကာ နွေးထွေးစွာကြိုဆိုခဲ့သည်။
တီချိုနိုင်ငံတကာလေဆိပ်စတင်ဖွင့်လှစ်ခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာတစ်ဝန်းဆက်သွယ်မှုကို ပိုမိုကျယ်ပြန့်လာစေမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နက်က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားခဲ့သည်။
လေကြောင်းသွားလာမှုကဏ္ဍသည် ခရီးသွားဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံရေးကွန်ရက်များနှင့် ဘက်စုံမစ်ရှင်များစွာကို ဆက်သွယ်ပေးသည့်နည်းလမ်းအများအပြားအနက် တစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။


“ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ဖို့၊ သံတမန်ဆက်ဆံရေးတွေအားကောင်းစေဖို့နဲ့ ခရီးသွားလာမှုပိုမိုမြှင့်တင်ဖို့ မူဝါဒချမှတ်ခြင်းဖြင့် အမျိုးသားဝင်ငွေ၏အဓိကအရင်းအမြစ်တစ်ရပ်အဖြစ် မောင်းနှင်လုပ်ဆောင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဟာ အထူးသဖြင့် နိုင်ငံသို့လာရောက်သည့် ခရီးသွားဧည့်သည်တွေ ချိတ်ဆက်မှု မြှင့်တင်ဖို့၊ ခရီးသွားလိုအပ်ချက်ကြီးထွားလာမှုကို ကိုင်တွယ်ဆောင်ရွက်ဖို့ နိုင်ငံတကာ လေဆိပ်များ တိုးချဲ့အဆင့်မြှင့်တင်လာခဲ့တယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
လေဆိပ်သစ်သည် ကမ္ဘောဒီးယားအရပ်ဘက်လေကြောင်းသွားလာရေးဖွံ့ဖြိုးမှုအတွက် မှတ်တိုင်တစ်ခုဖြစ်ကြောင်း Havannall က ပြောကြားခဲ့သည်။
အဆိုပါ လေဆိပ်သစ်သည် အရှည် ၄ ကီလိုမီတာရှိ လေယာဥ်ပြေးလမ်းနှစ်ခုပါဝင်ပြီး 4F အဆင့် နိုင်ငံတကာ လေဆိပ်ဖြစ်ကာ ကမ္ဘာ့အကြီးဆုံးလေယာဥ်များဖြစ်သည့် အဲဘတ်စ် A380 နှင့် ဘိုးရင်း 747 ကဲ့သို့ လေယာဥ်ကြီးများ ဆင်းသက်နိုင်မည်ဖြစ်သည်။


လေဆိပ်သည် ပထမအဆင့်တွင် ခန့်မှန်းခြေအားဖြင့် တစ်နှစ်လျှင် ခရီးသည် ၁၃ သန်းကို လက်ခံဆောင်ရွက်နိုင်မည်ဟု Havannall က ဆက်လက် ပြောကြားခဲ့သည်။
စက်တင်ဘာ ၉ ရက်တွင် တရားဝင်လုပ်ငန်းလုပ်ဆောင်မှုစတင်ခဲ့သော်လည်း TIA ၏ တရားဝင် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က ဦးဆောင်၍ ကျင်းပမည်ဖြစ်သည်။
ကမ္ဘောဒီးယားလေဆိပ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်က ရင်းနှီးမြှုပ်နှံသည့် အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲတန် လေဆိပ်သည် ကန်ဒယ်တောင်ပိုင်းနှင့် တာကီအို ပြည်နယ်များတွင် ၂,၆၀၀ ဟက်တာ နေရာအကျယ်အဝန်းရှိပြီး ဖနွမ်းပင်မြို့မှ ၂၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။
တီချိုလေဆိပ်လုပ်ငန်းစတင်လည်ပတ်မှုနှင့်အတူ ဖနွမ်းပင်နိုင်ငံတကာလေဆိပ်ဟောင်းကို စက်တင်ဘာ ၉ ရက် ညသန်းခေါင်ယံအချိန်တွင် အပြီးပိတ်သိမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်းသုံးလေယာဥ်များနှင့် ကုန်တင်လေယာဥ်များ အားလုံးကို လေဆိပ်သစ်သို့ ရွှေ့ပြောင်းခဲ့ကြောင်း State Secretariat of Civil Aviation (SSCA) ၏ အဆိုအရ သိရသည်။
Ref, Xinhua
