၁၀. ၉. ၂၀၂၅
Written by Nyein Kyaw
ပဲခူးမြို့တွင် အကောင်အထည်ဖော်နေသော ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၁ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းက အဆိုပါစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများကို ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဥ် အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံစီမံကိန်းအဝင်လမ်း ဖောက်လုပ်ရာတွင် အမြန်လမ်းမကြီးနယ်နိမိတ်နှင့် လွတ်ကင်းအောင် ဖောက်လုပ်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေးနှင့် ကျန်ရှိသည့် လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေးကြပ်မတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ထို့ပြင် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Switch Yard အတွင်း ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Swit-chgear (HGIS) တပ်ဆင်ပြီးစီးနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
