နေမိုး
၁၀. ၉. ၂၀၂၅
နွေဦးတော်လှန်ရေးဖြစ်စဉ်ကြောင့် ပြည်ပထွက်ပြေးပြီးနောက် လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် ဧရာဝတီသတင်းဌာန၊ ဧရာဝတီတိုင်းမ်သတင်းဌာနနှင့် Myanmar Now သတင်းဌာနတို့တွင် လုပ်ကိုင်ခဲ့သည့် သတင်းထောက် ထက်ခေါင်လင်းမှာ လက်ရှိအချိန်တွင် ဧရာဝတီတိုင်းမ်သတင်းဌာန၌ မလုပ်ကိုင်တော့ကြောင်း ဧရာဝတီတိုင်းမ်က ဖြေရှင်းထားသည်။
ထက်ခေါင်လင်းမှာ အိမ်ထောင်ကွဲသတင်းထောက်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း ဖော်ထုတ်သူမှာလည်း ထက်ခေါင်လင်းကဲ့သို့ပင် အမေရိကန်သို့ ရောက်ရှိနေသော သတင်းထောက်တစ်ဦးဖြစ်သူ ထက်ထက်အောင်ဆိုသော အမျိုးသမီးပင်ဖြစ်သည်။
ထက်ထက်အောင်၏ Live လွှင့်ပြောဆိုမှုအရ ထက်ခေါင်လင်းမှာ အိမ်ထောင်ကွဲသတင်းထောက်အမျိုးသမီးကို ဆုံးမမည်ဟုဆိုကာ နေအိမ်သို့ခေါ်ခဲ့ကြောင်း၊ ထို့အတွက် ထိုအမျိုးသမီးက ထက်ခေါင်လင်းဆီသွားရန် ထက်ထက်အောင်ကို အဖော်ခေါ်ခဲ့ကြောင်း၊ ထက်ထက်အောင်က မလိုက်နိုင်ခဲ့ကြောင်း၊ ထက်ခေါင်လင်းဆီ အိမ်ထောင်ကွဲသတင်းထောက်အမျိုးသမီး ရောက်ရှိစဉ် ထက်ခေါင်လင်းက ကနဦး စီနီယာ၊ ဂျုနီယာဆုံးမစကားပြောသော်လည်း နောက်ပိုင်းတွင် လိင်မှုဆိုင်ရာစကားများပြောဆိုကာ မုဒိမ်းကျင့်ရန် ကြံစည်သဖြင့် အိမ်ထောင်ကွဲသတင်းထောက်အမျိုးသမီးက ထက်ထက်အောင်ထံ ဗီဒီယိုကောလ်ခေါ်ခဲ့သဖြင့် ထက်ခေါင်လင်းကို ဟန့်တားခဲ့ရကြောင်း စသည်ဖြင့် ထက်ထက်အောင်က ပြောဆိုထားသည်။
ထိုဖြစ်စဉ်အပေါ် ထက်ခေါင်လင်းနှင့် ထက်ထက်အောင်တို့ လူမှုကွန်ရက်တွင် အငြင်းအခုန်ပြုနေသလို ထက်ခေါင်လင်းက ရှေ့မထွက်ရဲသော ၎င်းမုဒိမ်းကျင့်ရန် ကြံစည်သူဆိုသည့် အိမ်ထောင်ကွဲအမျိုးသမီးကိုသာ ထက်ထက်အောင်က ချပြရန် တောင်းဆိုနေသည်ကို တွေ့ရသည်။
ထက်ခေါင်လင်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားမှုအရ ၎င်းသည် အိမ်ထောင်ရှိသူဖြစ်ပြီး သမီးငယ်တစ်ဦး၏ ဖခင်လည်း ဖြစ်သည်။
