သက်တန့်
၉.၉.၂၀၂၅
ထိုင်းရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံသားများ လုပ်ကိုင်နေသည့် ရှုပ်ထွေးလှသော E-Cigarette (အီလက်ထရောနစ်စီးကရက် – Vape) မှောင်ခိုနှင့် ထုတ်လုပ်ရေး ကွန်ရက်တစ်ခုကို ဖြိုခွဲလိုက်နိုင်ပြီဖြစ်ပြီး စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီးနင်းမှုများအတွင်း သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးကာ တရားမဝင် Vaping ကိရိယာ ထောင်ပေါင်းများစွာကို သိမ်းဆည်းရမိခဲ့သည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့၊ စီးပွားရေးပြစ်မှုနှိမ်နင်းရေးဌာနသည် ဗန်ကောက်မြို့၊ ဘန်ခွန်ထန်ခရိုင်ရှိ ဂိုဒေါင်တစ်ခုကို ရှာဖွေခွင့်ဝရမ်းထုတ်ပြီး ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုဂိုဒေါင်တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက E-Cigarette ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် လျှို့ဝှက်စခန်းတစ်ခု တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။
ရဲမှူးကြီး တပ်စ်ပွမ်း ချာရူပရာချယာက ဦးဆောင်ခဲ့သည့် ဤစစ်ဆင်ရေးတွင် တရုတ်လူမျိုး မန်နေဂျာနှစ်ဦးဖြစ်သည့် အသက် ၂၇ နှစ်အရွယ် မစ္စတာ ဒန် (Mr. Deng) နှင့် အသက် ၃၇ နှစ်အရွယ် မစ္စတာ ဂေါင် (Mr. Gao) တို့အပြင်၊ အလုပ်လုပ်ခွင့်ပါမစ်မရှိသည့် မြန်မာနိုင်ငံသား ၁၁ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။

စုံစမ်းစစ်ဆေးသူများသည် ဖြန့်ချိရန် အသင့်ထုပ်ပိုးထားသော E-Cigarette ၂၀,၀၀၀ အပြင် ထုတ်လုပ်ရေးသုံးပစ္စည်းများ၊ အရည်သိုလှောင်ကန်များနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် “ဒီဂိုဒေါင်ဟာ ခရိုင်များစွာရှိ ကွန်ရက်တွေကို E-Cigarette တွေနဲ့ Vaping အရည်တွေကို ဖြန့်ချိပေးတဲ့ ဗဟိုချက်မအဖြစ် ဆောင်ရွက်နေတာပါ” ဟု ဖော်ပြထားသည်။

တရုတ်မန်နေဂျာများသည် တရားမဝင် E-Cigarette လုပ်ငန်း လုပ်ကိုင်မှုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး၊ မြန်မာလုပ်သားများသည် သင့်လျော်သော စာရွက်စာတမ်းမရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ကာ သံသယရှိသူအားလုံးကို တရားစွဲဆိုနိုင်ရန် စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးထားသည်။
တစ်ချိန်တည်းတွင် ဆာရာဘူရီပြည်နယ်၊ ဝီဟာဒန်ခရိုင်ရှိ အိမ်ငှားနေရာ တစ်ခုကို အကောက်ခွန်အရာရှိများနှင့် ဆာရာဘူရီရဲတပ်ဖွဲ့က ပူးပေါင်းဝင်ရောက်စီးနင်းခဲ့ရာ ဗန်ကောက်မြို့၊ ခလွန်တိုအီဆိပ်ကမ်းမှ သယ်ယူလာသော E-Cigarette ၃၅၀,၀၀၀ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ဆာရာဘူရီပြည်နယ်၊ ဝီဟာဒန်ခရိုင်၌ အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင် E-Cigarette များ တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးကို စစ်ဆေးနေပြီး Vaping ကိရိယာ ၃၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

တားမြစ်ထားသော်လည်း ထိုင်းလူငယ်များကြားတွင် ပျံ့နှံ့နေသော အီလက်ထရွန်နစ်စီးကရက်များကို ထိုင်းအစိုးရက ပြင်းထန်သော နှိမ်နင်းရေးလှုပ်ရှားမှုနှင့် တိုက်ဖျက်နေသလို ဤပြဿနာကို တိုက်ဖျက်ရန် ဖွဲ့စည်းထားသည့် အေဂျင်စီ ၂၀ ပါ အထူးအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ်လတွင် Vaping ထုတ်ကုန်ပေါင်း ၁ ဒသမ ၂ သန်းကျော်ကို သိမ်းဆည်းရမိခဲ့သည်။
လက်ရှိထိုင်းဥပဒေအရ E-Cigarette (Vape) များကို ဝယ်ယူခြင်း၊ ရောင်းချခြင်း သို့မဟုတ် အသုံးပြုခြင်းသည် ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ဘတ်ငွေ ၁ သန်း (ဒေါ်လာ ၃၁,၅၇၅) အထိ ဒဏ်ငွေများ ချမှတ်ခံရနိုင်သည်။
Ref, Khaosod
