၉.၉.၂၀၂၅.
translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ အစိုးရ ဝန်ကြီးချုပ် ဖရန်ကွိုက်စ် ဘေရို မှာbစက်တင်ဘာလ ၈ ရက်က ပါလီမန်တွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီးနောက် မဲခွဲရာတွင် ၎င်းအား ဆန့်ကျင်သည့် ပါလီမန်အမတ် ၃၆၄ ဦးနှင့် ထောက်ခံသည့်အမတ် ၁၉၄ ဦးတို့ဖြင့် အဆိုအား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ပြင်သစ်ကြွေးမြီပြဿနာကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ၎င်းက ဘတ်ဂျက်အသုံးစရိတ် ယူရို ၄၄ ဘီလျံ ဖြတ်တောက်ရန် အဆိုပြုခဲ့ရာတွင် ပါတီစုံမှ ဆန့်ကျင်မလိုလားသောတုံ့ပြန်မှုများ ဖြစ်ပွားခဲ့ကာ ၎င်းအား ပါလီမန်တွင် အယုံအကြည်မရှိအဆို တင်သွင်းခံခဲ့ရခြင်းဖြစ်သည်။

ဘေရိုအနေဖြင့် ၎င်း၏နုတ်ထွက်လွှာကို သမ္မတ မက်ခရွန်ထံ ယနေ့ စက်တင်ဘာလ ၉ ရက်တွင် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ၎င်းအနေဖြင့် ဝန်ကြီးချုပ်အသစ်အား လာမည့်ရက်များအတွင်း အမည်စာရင်းတင်သွင်းခြင်းမပြုမီ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရသည်။
ဖရန်ကွိုက်စ် ဘေရိုမှာ ပြင်သစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လေးယောက်မြောက်ခန့်ထားခံခဲ့ရသော ဝန်ကြီးချုပ်ဖြစ်ရာ တစ်နှစ်နှင့် ရှစ်လကာလအတွင်း ငါးယောက်မြောက်ဝန်ကြီးချုပ်အသစ်ကို ထပ်မံရွေးကောက်တင်မြောက်သွားကြရမည်ဖြစ်သည်။
လက်ယာစွန်းနိုင်ငံရေးပါတီဖြစ်သည့် National Rally နှင့် လက်ဝဲနိုင်ငံရေးပါတီ France Unbowed တို့ကမူပါလီမန် ရွေးကောက်ပွဲများကို ဆောလျင်စွာ အမြန်ဆုံးကျင်းပပေးရန်နှင့် သမ္မတ မက်ခရွန် ကိုလည်း ရာထူးမှနုတ်ထွက်ရန် တောင်းဆိုလျက်ရှိကြသည်။

သို့ရာတွင် သမ္မတ မက်ခရွန် ကမူ ၂၀၂၇ ခုနှစ်အထိ ၎င်း၏သမ္မတသက်တမ်းကို ထမ်းဆောင်ရန် ရည်ရွယ်ထားကြောင်း သြဂုတ်လတွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ပြင်သစ်လူထု၏ မကျေနပ်မှုများကို ထုတ်ဖော်မည့် အခြေခံလူတန်းစားလှုပ်ရှားမှု Bloquons Tout (“အရာရာကို ပိတ်ဆို့ကြပါစို့”) ဆန္ဒပြလှုပ်ရှားမှုကို စက်တင်ဘာလ ၁၀ ရက်တွင် တစ်နိုင်ငံလုံးပြုလုပ်ရန်စီစဉ်ထားရာ နိုင်ငံအတွင်း ခရီးသွားလာရေးလမ်းကြောင်းနှင့် နေရာများဖြစ်သော လေဆိပ်များ၊ ရထားဘူတာများနှင့် အဝေးပြေးလမ်းမကြီးများကို ထိခိုက် အနှောင့်အယှက် ဖြစ်စေနိုင်ဖွယ်ရှိကြောင်းသိရသည်။
Ref- Reuters
