၅.၉.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်ခဲ့တဲ့ တေးသီချင်းတွေ ပုံဖော်ခဲ့တဲ့ တေးရေးဆရာကြီး အကယ်ဒမီ သောမတ်စ်က စက်တင်ဘာ ၄ ရက် ည ၁၁ နာရီ ၅ မိနစ်က ကွယ်လွန်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ တေးရေးဆရာ အကယ်ဒမီ သောမတ်စ်က စက်တင်ဘာ ၄ ရက်နေ့ ညပိုင်း ၁၁ နာရီ ၅ မိနစ်က ကွယ်လွန်ခဲ့ပါတယ်။ ဆရာရေးခဲ့တဲ့ သီချင်းအတိုင်း ကျွန်တော်တို့ အကြိမ်ကြိမ်တားခဲ့လို့ ပြန်ပြန်ကျန်းမာပေးပါဆိုတာ ဒီတစ်ခါတော့ တားလို့မရတော့ဘူးပေါ့ ဦးသော ..ရေ။ စကားတွေအများကြီးပြောချင်ခဲ့ကြသေးတာလေဗျာ”လို့ တေးရေးဆရာ စံပီးက ပြောပါတယ်။

အကယ်ဒမီ သောမတ်စ် ရေးခဲ့တဲ့ တေးသီချင်းတွေထဲ ထင်ရှားလူသိများခဲ့တဲ့ သီချင်းတွေအဖြစ် ထွဏ်းထွဏ်းသီဆိုခဲ့တဲ့ အချစ်ရူး၊ အဆိုတော်လေးဖြူဆိုခဲ့တဲ့ ဒီရေ ဒီလှေ၊ အဆိုတော် မာရဇ္ဇရဲ့ ချစ်လို့၊ အဆိုတော်ဒီဖြိုးဆိုခဲ့တဲ့ ဒီကောင်မလေးအတွက်၊ ငါဝအောင်ငိုမယ် သီချင်းတို့ ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ကောင်းကင်ကလူ၊ အိပ်မက်ကလေးများအကြောင်း၊ တဲအိမ်ရွှေနန်း၊ နောင်တမျက်ရည်၊ လောကဧည့်သည်၊ သောကမီးငြိမ်းဖို့ရန်၊ သိုးကျောင်းသားသီချင်း၊ အသွေးမသွန်းဘဲ အပြစ်မလွတ်၊ အကျွန်ုပ်ရှိပါ၏၊ မပြောင်းလဲသောမေတ္တာ၊ မီးရထား ၊တံခါးလေးစေ့ရုံပဲလား စတဲ့ လူသိများအောင်မြင်တဲ့ တေးသီချင်းများစွာ ရေးသားဖော်ကျူးခဲ့သူလည်းဖြစ်ပါတယ်။

“မြန်မာပြည်မှာ Gospel Music လောကအတွက် သူ့လိုလူ နောက်တစ်ယောက် ထပ်မရှိနိုင်မှာတော့ အသေအချာပါပဲ”လို့ စံပီးက ဆက်ပြောပါတယ်။
တေးရေးဆရာအကယ်ဒမီ သောမတ်စ် နာရေးသတင်းကြောင့် ဂီတလောကအနုပညာရှင်တချို့ စိတ်မကောင်းများစွာဖြစ်နေခဲ့တာပါ။ နာရေးသတင်းအချက်အလက်ကို ဆက်လက်ဖော်ပေးသွားမှာဖြစ်ပါတယ်။
