၅. ၉. ၂၀၂၅
Written by Nyein Kyaw
လူကုန်ကူးမှုများသည် အင်တာနက်ကို တွင်ကျယ်စွာအသုံးပြု ဆောင်ရွက်နေသလို ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံသားတချို့က မြန်မာအမျိုးသမီးများကို ထိမ်းမြားလက်ထပ် လူကုန်ကူးမှုများရှိနေသဖြင့် သတင်းလက်ဦးမှုရယူ၊ တားဆီးကာကွယ်ခြင်းနှင့် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယမန်နေ့က ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/ ၂၀၂၅)တွင် ပြောကြားသည်။
ပြောင်းလဲလာသော လူကုန်ကူးမှု ပုံစံများအရ အိမ်နီးချင်းနိုင်ငံမှ လူငယ်များသည် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြပြီး မြန်မာအမျိုးသမီးများအား ချစ်ကြိုက်၍ လက်ထပ်ခြင်းမဟုတ်ဘဲ လှည့်ဖြားလိုသောသဘောဖြင့် ငွေကြေးပေးကာလက်ထပ်ခြင်း၊ တရားရုံးတွင် ထိမ်းမြားမင်္ဂလာ ကျမ်းကျိန်လွှာပြုလုပ်၍ ၎င်းတို့နိုင်ငံသို့ တရားဝင် ခေါ်ဆောင်နေခြင်းများကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ဒေသတွင်းနိုင်ငံများမှ နိုင်ငံသားတချို့သည် မြန်မာနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ရောက်ရှိလာခဲ့ပြီး ဘာသာစကားသင်တန်း အမည်ခံဖွင့်လှစ်၍ မြန်မာအမျိုးသမီးများကို ၎င်းတို့၏ နိုင်ငံသားများနှင့် ထိမ်းမြားလက်ထပ်စေရန် စည်းရုံးဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။
လူကုန်ကူးသူများသည် လိမ်လည်စည်းရုံး သွေးဆောင်ရန်အတွက် အင်တာနက်ကို တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း၊ လူမှုကွန်ရက်စာမျက်နှာ များဖြစ်သော Facebook ၊ Tiktok နှင့် Telegram များကို အသုံးပြု၍ စီးပွားရေးကြော်ငြာများမှတစ်ဆင့် လူစုဆောင်းခြင်း၊ အကျိုးအမြတ် လွှဲပြောင်းပေးခြင်းများပြုလုပ်ပြီး မြန်မာအမျိုးသမီးငယ်များအား အတင်းအဓမ္မ ထိမ်းမြားလက်ထပ်ရန်နှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။
လူကုန်ကူးမှု တိုက်ဖျက်ရာတွင် လုပ်ငန်းစဉ်သုံးရပ်ဖြစ်သော သတင်းလက်ဦးမှုရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ် သုံးရပ်နှင့်အညီ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။
