၅.၉.၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ယာဉ်မတော်တဆမှု နှစ်မှု ဖြစ်ပွားခဲ့ဖူးတဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အလုံလမ်းနဲ့ ပြည်လမ်းထောင့်မှာပဲ မနေ့က စက်တင်ဘာလ ၄ ရက်နေ့ကလည်း ယာဉ်မတော်တဆမှုတစ်ခု ထပ်မံဖြစ်ပွားပြီး ယာဉ်မောင်းဖြစ်သူ နေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်က မနေ့က ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့် မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်မှာ လယ်ကျွန်းပေါ် အရှိန်နဲ့တက်သွားပြီး သစ်ပင်ကို ဝင်တိုက်မိရာက တိုက်မိတဲ့ အရှိန်နဲ့ ယာဉ်မောင်းအမျိုးသားမှာ ဦးခေါင်းပြင်းထန်ထိခိုက်ဒဏ်ရာ၊ စတီယာရင်နဲ့ ရင်ဘတ် ဆောင့်မိတဲ့အတွက် ရင်ညွန့်ရိုးကျိုး ဒဏ်ရာ၊ ခြေသလုံးရိုးကျိုး ဒဏ်ရာတွေနဲ့ လူမှုကူညီရေးအသင်းသားတွေ ကူညီဖို့ ကြိုးစားစဉ်မှာ အသက်သေဆုံးသွားခဲ့တာလို့ အခင်းဖြစ်နေရာကို ကနဦးရောက်ရှိခဲ့တဲ့ မေတ္တာအလင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။

မေတ္တာအလင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက “တိုက်တဲ့ အရှိန် အတော်ပြင်းပုံရတယ်။ ကား စတီယာရင်ပါ ကျိုးထွက်နေတာ။ ကျွန်တော်တို့ရောက်တော့ သူ အသက်ရှိသေးတယ်။ ကျွန်တော်တံခါးဆွဲဖွင့်ဖို့ ကြိုးစားချိန် သူ သက်ပြင်းတစ်ချက်ရှိုက်ပြီး ခေါ်လို့ မရတော့တာ။ နောက်တစ်ချက်က သူ လုံခြုံရေးခါးပတ် ပတ်မထားဘူး” လို့ ဖြစ်စဉ်ကို MT News ကို ပြောပြပါတယ်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ဒဂုံမြို့နယ်၊ အလုံလမ်းနဲ့ ပြည်လမ်းထောင့်မှာပဲ အခုဖြစ်စဉ်အပါ ယာဉ်မတော်တဆမှု သုံးကြိမ်ရှိပြီလို့ သိရပါတယ်။ ရှေ့နှစ်ကြိမ်မှာ လူသေဆုံးမှု မရှိပေမယ့် ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ကုသခဲ့ရတာဖြစ်ပါတယ်။ ဖြစ်စဉ်တွေက ညနက်ချိန်ဖြစ်တာတွေချည်းမို့ သုံးမြှောင့်ကျွန်းကို အရှိန်နဲ့ ဖြတ်ပြီးမှ ရောင်ပြန်ဆိုင်းဘုတ်ကို တွေ့တဲ့အခါ လမ်းလယ်ကျွန်းပေါ်ရောက်ရှိတိုက်မိတဲ့ အခြေအနေလို့လည်း အဆိုပါလမ်းအခြေအနေကို ယာဉ်မောင်းနှင်မှု အတွေ့အကြုံအရ မေတ္တာအလင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက ရှင်းပြပါတယ်။

အဆိုပါ အသင်းတာဝန်ရှိသူက “ယာဉ်မောင်းတွေ သတိမထား အာရုံမစိုက်လို့ ဖြစ်တယ်လို့တော့ ယူဆပါတယ်။ အဲ့ဒီနေရာမှာက လမ်းလယ်ကျွန်း သုံးမြှောင့်ကျွန်းလေးရှိတယ်။ ညာဘက်ကို ကွေ့တဲ့ ဖရီးကြောရှိတယ်။ အလုံ ပြည်လမ်းဘက်ကို ဆင်းတဲ့ တည့်ကြော နှစ်ကြောနဲ့ ကွေ့ကြော တစ်ကြောရှိတယ်။ လမ်းလယ်ကျွန်းရောင်ပြန်ကို မမြင်တာလားတော့ မပြောတတ်ဘူး။ အနီးကပ်ကြမှ ဘွားကနည်းမြင်ပြီး လမ်းလယ်ကျွန်းပေါ် တက် ‘တက် ‘ သွားတာနေမယ်” လို့ တစ်နေရာတည်း တူညီတဲ့ ယာဉ်မတော်တဆမှု အခြေအနေဖြစ်စဉ်မှာ ကြုံတွေ့ရတဲ့ မျက်မြင်အခြေအနေကို ပြောပြပါတယ်။

မနေ့က ယာဉ်မတော်တဆမှု ဖြစ်စဉ်အတွင်း အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
