
၅. ၉. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့တွင် မောင်းနှင်လာသော ဆိုင်ကယ်ငါးစီးကို ပျူစောထီးယာဥ်တန်းဟုဆိုကာ အုတ်ဖိုက PDF ပစ်ခတ်သဖြင့် စွပ်ကျယ်နှင့် ပုဆိုးသာဝတ်ထားသော အမျိုးသားတစ်ဦးသေဆုံးသွားသည်ကို ပျူစောထီးတစ်ဦးသေဆုံးသည်ဟု အုတ်ဖို PDF က ယခု ထုတ်ပြန်ဝန်ခံသည်။
အုတ်ဖို PDF ၏ ကျူးလွန်မှုဖြစ်စဥ် ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနိုင်ရန် ရှေ့ပြေးလာသော အေးမြသာယာမြို့ ပျူခေါင်းဆောင် ဝန ဦးဆောင်သည့် ဆိုင်ကယ် ၅ စီးပါ ယာဥ်တန်းအား စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စဉ့်ကူးချောင်းဂေါင်းဆည် တာဘောင်ပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ PDF များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး ကျော်ဝင်းစိန် နေရာတွင် သေဆုံး၍ ကျန်ပျူစောထီးများ ဖရိုဖရဲ ထွက်ပြေးသွားကြပြီး ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။

သို့သော် တပ်မတော် စစ်ကြောင်းထိုးနိုင်ရန် ရှေ့ပြေးလာသဖြင့် ပစ်ခတ်လိုက်သဖြင့် သေဆုံးသည်ဆိုသော အမျိုးသားမှာ စွပ်ကျယ်နှင့် ပုဆိုးသာဝတ်ထားသည်ကို တွေ့ရပြီး ပျူစောထီးဖြစ်ကြောင်း တစ်စုံတစ်ရာသက်သေမပြနိုင်သည်ကို တွေ့ရှိရသည်။
ပဲခူးတိုင်းမှ PDF များသည် လက်နက်မဲ့ ဝန်ထမ်းပြည်သူများကို လုယက်သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို ဖမ်းဆီးနှိမ်နင်းနိုင်မှု နည်းပါးသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
