သတိုး
၄.၉. ၂၀၂၅
သမီးဖြစ်သူ ပေတုံတန် ရှင်နာဝပ်ထရာက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဆက်သွယ်ပြောဆိုမှု ပေါက်ကြားလာသည့် အသံဖိုင်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံလိုက်ရချိန်တွင် ဖခင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ယနေ့ အရေးပေါ်လေယာဥ်ဖြင့် ပြည်ပသို့ ထွက်ခွာသွားပြန်သဖြင့် ထိုင်းနိုင်ငံ၏ အာဏာသိမ်းနိုင်ဖွယ်ရှိသော နိုင်ငံရေးအကျပ်အတည်းအတွင်း သက်ဆင် ပြည်ပသို့တစ်ကျော့ပြန် ထွက်ပြေးလေသလောဟု ဒွိဟဖြစ်ဖွယ် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာပြန်သည်။

သက်ဆင်သည် ပြီးခဲ့သော ပြည်တော်ပြန်ကာလက ထောင်ဒဏ်ကျခံခဲ့ရသော်လည်း ထောင်အတွင်းမနေခဲ့ရဘဲ ဆေးရုံတွင်သာ အကျဉ်းချခံခဲ့ရမှုမှာ မလျော်ဩဇာသုံးစွဲမှု ရှိမရှိနှင့် စပ်လျဥ်းသည့် စီရင်ချက်မချမီ ရက်အနည်းငယ်အလိုတွင် သက်ဆင်က ထိုင်းနိုင်ငံမှ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး မူလလမ်းကြောင်းဖြစ်သည့် စင်ကာပူသို့ မဆင်းသက်ဘဲ လမ်းကြောင်းပြောင်းကာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းသို့ ဦးတည်နေနိုင်သည်ဟု သိရသည်။
ထိုသို့ ထွက်ခွာမှုကို ဖြူထိုင်းပါတီမှ သတင်းရင်းမြစ်တစ်ခုက မူလပြောကြားချက်အရ သက်ဆင်သည် စင်ကာပူသို့ ကျန်းမာရေးစစ်ဆေးရန် ခရီးသွားခြင်းဖြစ်ပြီး နှစ်ရက်အတွင်း ပြန်လာမည်ဟု ထိုင်းအင်ကွိုင်ရာလ်သို့ ပြောကြားခဲ့သည်။
၎င်း၏ထွက်ခွာမှုသည် လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင် အထက်တန်းလွှာရဲဆေးရုံ၌ ၎င်းက ပြစ်ဒဏ်ကျခံ နေထိုင်ခဲ့မှုနှင့်ပတ်သက်သော စီရင်ချက်ကို နိုင်ငံရေးရာထူးတာဝန်ယူသူများဆိုင်ရာ တရားရုံး၏ ရာဇဝတ်မှုဌာနခွဲက အမိန့်ချမှတ်ရန် စီစဉ်ထားချိန်နှင့် တိုက်ဆိုင်နေသည်။

အဆိုပါအမှုသည် သက်ဆင်၏ အရေးပေါ်ရောဂါဝေဒနာများကြောင့် ရဲချုပ်ရုံးဆေးရုံ၏ ၁၄ လွှာတွင် ခြောက်လကြာနေထိုင်ခဲ့မှုနှင့်ပတ်သက်ပြီး၊ ထိုကာလအတွင်း ၎င်းသည် ထောင်ထဲတွင် ပြစ်ဒဏ်ကျခံခြင်းကို ရှောင်ရှားခဲ့ရာ နိုင်ငံတော်အာဏာပိုင်များ၏ အထူးအခွင့်အရေးများ ရရှိခြင်းဖြစ်နိုင်သည်ဟု မေးခွန်းထုတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းခံခဲ့ရပြီးနောက် ပြည်ပသို့ အဝေးရောက်နေစဉ် သက်ဆင်သည် အဂတိလိုက်စားမှုသုံးခုဖြင့် စုစုပေါင်း ရှစ်နှစ်ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြည်ပ၌ ၁၅ နှစ်ကြာနေထိုင်ပြီးနောက် ထိုင်းသို့ ပြန်ရောက်လာပြီးနောက် ၎င်းကို ထောင်ဒဏ်များဖတ်ကြားရန် တရားရုံးသို့ ခေါ်ဆောင်ခဲ့ပြီးနောက် ထောင်သို့ ပို့ဆောင်ခဲ့သည်။
သို့သော် ၎င်းသည် အရေးပေါ်ရောဂါဝေဒနာများကြောင့် ဘန်ကောက်အချုပ်ထောင်တွင် နာရီအနည်းငယ်သာနေပြီး ဆေးရုံသို့ ပြောင်းရွှေ့ခံခဲ့ရသည်။
ဆေးရုံတွင် အကျဉ်းကျနေစဉ်အတွင်း သက်ဆင်သည် ထိုင်းဘုရင်မင်းမြတ်၏ သက်ညှာလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ်တစ်နှစ်အထိ လျော့ချခံခဲ့ရသလို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထပ်မံ၍ လွတ်ငြိမ်းချမ်းသာ ခွင့်နှင့် ထောင်ကလွတ်ခဲ့သည်။

ယနေ့တွင် လူဝင်မှုကြီးကြပ်ရေးဌာန (၂) မှ ရဲမှူးချုပ် ချောင်ရွန် ရင်ဖာဒီက ဒွန်မောင်းလေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနသည် ညနေ ၄ နာရီ ၅၀ မိနစ်တွင် သက်ဆင်သည် စင်ကာပူသို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာကြောင်း MJets ကုမ္ပဏီထံမှ အကြောင်းကြားစာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
အာဏာပိုင်များက စစ်ဆေးခဲ့ရာ သက်ဆင်ကို နိုင်ငံမှ ထွက်ခွာခြင်းအပေါ် တားမြစ်ထားသည့် တရားရုံးအမိန့် သို့မဟုတ် အကျုံးဝင်နေသော ရာဇဝတ်မှုဆိုင်ရာ ဝရမ်းမရှိကြောင်း အတည်ပြုခဲ့သည်။
၎င်းက သက်ဆင်သည် ဘုရင်မင်းမြတ်ကို စော်ကားမှုဆိုင်ရာ အမှုမှ တရားသေလွှတ်ပေးခဲ့ပြီးနောက် ၎င်းအပေါ် ယခင်က ချမှတ်ထားသော ခရီးသွားလာခွင့် ကန့်သတ်ချက်ကို ရာဇဝတ်မှုတရားရုံးက တရားဝင်ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနက သက်ဆင် ၏ထွက်ခွာမှုကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ခွင့်ပြုခဲ့ရာ ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်သည် ည ၇ နာရီ ၁၇ မိနစ်တွင် ဒွန်မောင်းလေဆိပ်မှ ထွက်ခွာခဲ့သည်။
သို့သော်လည်း လေယာဉ်သည် စင်ကာပူနိုင်ငံသို့ ဆင်းသက်ခြင်းမရှိဘဲ လက်ရှိတွင် အိန္ဒိယနိုင်ငံပေါ်မှ ပျံသန်းနေပြီး ဒူဘိုင်းသို့ ဦးတည်နေသည်ဟု သတင်းရရှိသည်။
အဆိုပါလေယာဉ်ခရီးစဉ်သည် FlightRadar24 တွင် လူပေါင်း ၃၀,၀၀၀ ခန့်က စောင့်ကြည့်နေသဖြင့် အရေအတွက်အများဆုံး စောင့်ကြည့်ခံရသော လေယာဉ်ဖြစ်လာခဲ့သည်။
ဒူဘိုင်းသည် သက်ဆင် နှစ်ပေါင်းများစွာ အဝေးရောက်အဖြစ်နေထိုင်ခဲ့ပြီး ၎င်း၏အိမ်ကြီးလည်းရှိရာဖြစ်သည်။ ၎င်း၏ Bombardier Global 7500 အမျိုးအစား လေယာဉ်သည် ကီလိုမီတာ ၁၄,၂၆၀ အထိ ပျံသန်းနိုင်သဖြင့် လန်ဒန်မြို့အထိ ပျံသန်းနိုင်စွမ်းရှိသည်။

သက်ဆင် သို့မဟုတ် လေယာဉ်မှူးသည် လေယာဉ်ခရီးစဉ်အချက်အလက်များကို အများပြည်သူသုံး ခြေရာခံအပလီကေးရှင်းများတွင် မပေါ်စေရန် ပုဂ္ဂိုလ်ရေးဆိုင်ရာအစီအစဉ်များကို ဝယ်ယူ၍ တားဆီးထားနိုင်သလို သက်ဆင်၏ လေယာဉ်ကို ထပ်မံခြေရာခံနိုင်မှုအရ ဘန်ကောက်စံတော်ချိန် ည ၁၁ နာရီ ၅ မိနစ်တွင် ဘင်္ဂလားပင်လယ်အော်အနီးရှိ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့အနီးတွင်ရှိနေကာ အနောက်မြောက်ဘက်သို့ ရွေ့လျားနေသည်။
သက်ဆင်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပြည်ပသို့ထွက်ခွာသွားသည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံထားရသော သမီးဖြစ်သူ ပေတုံတန်လည်း လိုက်ပါသွားသည်ဟု ကောလာဟလများထွက်ပေါ်ခဲ့သည်။ ယင်းသတင်းများနှင့်ပတ်သက်၍ ပေတုံတန်က ၎င်း၏ Instagram တွင် “ကျွန်မကတော့ ထိုင်းနိုင်ငံမှာ ကလေးတွေကို အိပ်ရာဝင်ခိုင်းနေတာပါ။ ဒီလိုဆက်တိုက်ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် တကယ်ကို ရှုပ်ထွေးနေပါပြီ” ဟု ရေးသားခဲ့သည်။
Ref, Thai enquirer & Khaosod
