MT News
၂. ၉. ၂၀၂၅
အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် ကြေညာထားသည့် KNU နှင့် PDF များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်း ခိုအောင်းနေထိုင်ပြီး ကော့ကရိတ်-မြဝတီ သွားအာရှလမ်းမကြီးပေါ်၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး၍ အဆိုပါလမ်းကြောင်းအား နှောင့်ယှက်ပိတ်ဆို့ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ KNU နှင့် PDF များသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွားအာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ကျေးရွာအနီး အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄၀ ရှိ သံကူကွန်ကရစ်အမျိုးအစား ကော့နွဲ့တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရပြီး အများပြည်သူများသွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့ရသဖြင့် နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ကော့နွဲ့တံတားပြန်လည်ပြုပြင်ရေး တံတားအထူးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သည့် အင်ဂျင်နီယာ ၁ ဦးနှင့် လုပ်သား ၂၆ ဦးတို့သည် တံတားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် KNU နှင့် PDF များက တံတား၏ အနောက်မြောက်ဘက် မီတာ ၃၆၀၀ ခန့်အကွာရှိ ပျားပင်ကျေးရွာနေရာနှင့် တံတား၏တောင်ဘက် မီတာ ၃၇၀၀ ခန့် အကွာရှိ မြို့ဟောင်းကျေးရွာနေရာတို့မှ Suicide Drone ၂ စင်းဖြင့် တံတားလုပ်ငန်းဆောင်ရွက်နေသူများအား တိုက်ခိုက်ခဲ့သဖြင့် တံတားလုပ်ငန်းများဆောင်ရွက်နေသည့် အမျိုးသား ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ကနဦးဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးခဲ့ကာ ဘားအံမြို့ရှိ တောင်ကလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လမ်း၊ တံတားများအား ဖျက်ဆီးခြင်းသည် ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုများစွာ ထိခိုက်နစ်နာစေလျက်ရှိသဖြင့် ဒေသခံပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်သမားများအား အရေးယူတုံ့ပြန်နိုင်ရေး လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။








