Photo - Credit
၂. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ စက်တင်ဘာ ၂ ရက် (ယနေ့) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် အမြန်ရထားဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO) နှင့် ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဩဂုတ်လ ၃၀ ရက်နေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၃၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် SCO SUMMIT 2025 Plus သို့ တက်ရောက်ဆွေးနွေးမှု၊ တရုတ်သမ္မတရှီကျင့်ဖိန်နှင့်လည်း သီးသန့်တွေ့ဆုံဆွေးမှုအပြင် အခမ်းအနားတက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ပေကျင်းမြိုတွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခြင်းလည်းဖြစ်သည်။
SCO ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံ့ခေါင်းဆောင် ၃၀ ခန့် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး SCO အစည်းအဝေးတက်ရောက်ခဲ့သော အခြားခေါင်းဆောင်များဖြစ်သည့် တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီ ရာ့ခ်မွန်၊ မွန်ဂိုလီးယားသမ္မတ အူခ်နာ ခူရယ်ဆွတ်၊ မော်လဒိုက်သမ္မတ မိုဟာမက် မူအစ်ဇူ၊ ပါကစ္စတန်ဝန်ကြီးချုပ် ရှဲက်ဘာဇ် ရှရစ်ဖ်တို့သည် စက်တင်ဘာလ ၁ ရက်နေ့ကတည်းက တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
Photo – Credit


