၂၉.၈.၂၀၂၅
Written By Thandar
2025 E Sports World Cup ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့တဲ့ မြန်မာအားကစားအဖွဲ့ Yangon Galacticos E Sports အသင်းကို ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၂၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမမှာ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးနဲ့ အလှူရှင်တွေပူပေါင်းပြီး ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းကျပ်သိန်း ၁၃၁၀၀ ကို ပေးအပ်ခဲ့ပါတယ်။
ဒီဂုဏ်ပြုချီးမြှင့်ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တိုင်းဒေသကြီးဝန်ကြီးတွေ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌတွေ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ စတဲ့အလှူရှင်တွေ ဆုရအားကစားသမားတွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“Yangon Galacticos E Sports အားကစားအသင်းက မြန်မာနိုင်ငံကိုယ်စားပြုပြီး ဆော်ဒီအာရေဗျနိုင်ငံ ရီးယာဒ့်မြိုမှာ ဇူလိုင် ၂၅ ရက်ကနေ ဩဂုတ် ၃ ရက်အထိ ကမ္ဘာ့အဆင့် E Sports World Cup ပြိုင်ပွဲမှာ PUBG Mobile ကစားနည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာက ကမ္ဘာ့ချန်ပီယံရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာကို ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ E Sports အားကစားအဖွဲ့ချုပ်က သက်တမ်းအနေနဲ့ နုနယ်ပေမယ့် E Sports အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် အဖွဲ့ချုပ်က အစီအစဉ်နဲ့ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်” လို့မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောပါတယ်။
E Sports အားကစားနည်းက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံအတွက် အောင်မြင်မှုဆုတံဆိပ်တွေ ရယူပေးနိုင်ခဲ့ပြီး ဆုကြေးငွေတွေကို ချီးမြှင့်ခံခဲ့ရပါကြောင်း၊ အောင်မြင်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး Sustainable Development အတွက် မြန်မာပြည်တစ်ဝန်းက E Sports ဝါသနာရှင်ရွက်ပုန်းသီးအားကစားသမားတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးက 2025 E Sports World Cup ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ Yangon Galacticos E Sports အားကစားအဖွဲ့ကို ဂုဏ်ပြုဆု ငွေကျပ်သိန်း ၄၀၀၊ အုပ်ချုပ်နည်းပြတွေကို ဂုဏ်ပြုဆု ငွေကျပ်သိန်း ၂၀၀ တို့ကို ချီးမြှင့်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အုပ်ချုပ်/နည်းပြများကို ဂုဏ်ပြုဆု ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ပါတယ်။ ဒါ့ပြင် KBZ Group က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၈ ထောင်အပါအဝင် အလှူရှင်တွေက အားကစားအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အလှူရှင်တွေရဲ့ ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းကျပ် သိန်း ၁၃၁၀၀ ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့တဲ့ မြန်မာအားကစားအဖွဲကို ပေးအပ်ချီးမြှင့်ပါတယ်။
အဆိုပါ အောင်မြင်မှုက လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပမယ့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း E Sports အဖွဲ့ချုပ်က စီမံဆောင်ရွက်နိုင်မှု၊ E Sports လက်ရွေးစင်အားကစားသမားတွေက ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်မှုတွေရဲ့ အကျိုးရလဒ်အနေနဲ့ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတော်သီချင်းနှင့်အတူ ထိုင်းနိုင်ငံမှာ အလံတိုင်ထိပ်အရောက် လွှင့်ထူနိုင်မယ်လို့ယုံကြည်မျှော်လင့်တယ်လို့ သိရပါတယ်။
E Sports အဖွဲ့ချုပ်အတွက် နှစ်စဉ်ငွေကျပ်သန်းပေါင်း (၄) ထောင်ကျော် ထောက်ပံ့လှူဒါန်းခဲ့တဲ့ KBZ Bank နဲ့ KBZ Group နာယကကြီး ဦးအောင်ကိုဝင်းကိုလည်း ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
